မော်လိုက် ၁၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ အခမဲ့ ထောက်ပံ့ပေးဝေသည့် စားသောက်ကုန်ပစ္စည်း(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲကို ဧပြီလ ၁၁ ရက် နံနက် ၈ နာရီခွဲက မော်လိုက်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် အခြေခံ လူတန်းစား အိမ်ထောင်စု(၁၈၂)စုနှင့် မြို့မ(၂)ရပ်ကွက်မှ အခြေခံလူတန်းစား အိမ်ထောင်စု (၃၃၁)စုတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ တို့အား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
‘ကျွန်မတို့ မိသားစုအနေဖြင့် ပုံမှန်အလုပ်ကမရှိတော့ တခြားသူတွေခေါ်တဲ့ ဆေးသုတ်၊ ပန်းရံ၊ မြက်ရှင်းစသည့် ကျပန်းအလုပ်များကို လုပ်ကိုင်နေကြရကြောင်း၊ အခုလို သင်္ကြန်ကာလ အတွင်း အပြင်အလုပ်တွေကလည်း နားထားတော့ မိသားစုစားဝတ်နေရေး အခက်အခဲတော့ ဖြစ်ရတာပေါ့၊ ဒီလိုအခက်အခဲတွေဖြစ်နေကြသည့် ကျွန်မတို့လို ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုများအတွက် နိုင်ငံတော်မှနေ၍ ဆန်တွေ၊ဆီတွေ အခမဲ့ထောက်ပံ့ပေးတဲ့အတွက် အလွန်မှ ဝမ်းသာ ပီတိဖြစ်ရပါပါတယ်’’ ဟု အခြေခံစားသောက်ကုန်(၅)မျိုး ထုတ်ယူလာသည့် ဒေါ်ခင်ကြွေ၏ ရင်တွင်း စကားသံကိုလည်း ကြားသိခဲ့ရသည်။
မော်လိုက်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းများ အနေဖြင့် မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၈)အုပ်စုတို့မှ အိမ်ထောင်စု (၂၉၀၅)စု တို့ကို အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုး ထောက်ပံ့ဝေငှေပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကိုလည်း ဆက်လက်ထောက်ပံ့ဝေငှပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မော်လိုက်သားလေး


