မိုင်းဖြတ်  ၁၁   ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အခြေခံကုန်စည်(၅) မျိုး ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီများကို ဧပြီလ ၁၁ရက် နံနက် ၉နာရီမှစ၍ မြိုပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အိမ်တိုင်ယာရောက် စတင်ဖြန့်ဝေပေးနေပြီဖြစ်သည်။

 

ထိုသို့ ဖြန့်ဝေပေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့များက အဖွဲ့၆ဖွဲ့ခွဲ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများဖြစ်သည့် ဈေးတန်းရပ်ကွက်၊ ဝမ်မိုင်ရပ်ကွက်၊ ဝမ်ဟွေရပ်ကွက်၊ မိုင်းဖြတ်၊ ဝမ်ပုံ၊ ဝမ်လုံး၊ နမ့်ဟက်ပုံ၊ ဆီမွန်း၊ နမ့်လန်း၊ နမ့်လောက်၊ နမ့်နန်း၊ တောညုကျေးရွာများရှိ အိမ်ထောင်စု ၂၉၀ စုတို့အား ဆန် ၈ပြည်၊ ဆီ ၅၀ကျပ်သား၊ ပဲ ၅၀ကျပ်သား၊ ဆား ၅၀ကျပ်သားနှင့် ကြက်သွန်နီ ၁ပိဿာ တို့ကို လိုက်လံဖြန့်ဝေပေးခဲ့သည်။

 

မိုင်းဖြတ်မြို့နယ်အတွင် ထိုသို့ထောက်ပံ့ပေးအပ်နိုင်ရေးအတွက်  စနစ်တကျ ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းများအရ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်စုများမှ  အိမ်ထောင်စု ၅၈၀  ရှိပြီး ယနေ့တွင် အိမ်ထောင်စု၂၉၀အား ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသည့် အိမ်ထောင်စု ၂၉၀ကို ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)

 

mdn