ကလေး ၁၁  ဧပြီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ Coronavirus Disease 2019 (ကိုဗစ်-၁၉) ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုမတီ၏ လမ်းညွှန်မှုဖြင့် ကလေးခရိုင် Coronavirus Disease 2019 (ကိုဗစ်-၁၉)  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်ကာ (ကိုဗစ်-၁၉)   ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် (၅)မျိုး ( ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်) ကို ကလေးမြို့နယ်အတွင်း စာရင်းကောက်ယူပြီးစီးပြီးဖြစ်သည့် အိမ်ထောင်စု ၃၀၁၁၇ စု တို့အား  ယနေ့နံနက်ပိုင်း မှစတင်၍ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဖြူး ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

ကလေးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ လက်ထဲသို့ရောက်ရှိစေရေး အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ ညောင်ပင်သာရပ်ကွက်မှ အိမ်ထောင်စု ၈၂၀ စု၊ ချမ်းမြေ့အောင်စည် ရပ်ကွက်မှ အိမ်ထောင်စု ၁၆၅၇ စု၊ အောင်မြေမာန်ရပ်ကွက်မှ အိမ်ထောင်စု ၃၅၀ စုတို့အား ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား ၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိသာ၊ ကြက်သွန်နီ ၁ ပိသာ တို့အား သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အိမ်တိုင်ရာရောက်စနစ်ဖြင့် ထောက်ပံ့ပေးအပ်လျှက်ရှိကာ နောင်ရက်များတွင်လည်း ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများသို့ အလှည့်ကျဆက်လက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်အောင်(ပြန်/ဆက်)