ပွင့်ဖြူ   ၁၁    ဧပြီ      

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ပွင့်ဖြူမြို့ ပွင့်မာလာ ပန်းခြံအား ဧပြီ ၁၀ ရက်၊ နံနက်ပိုင်းက ယာယီ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

           

“ ကျွန်မတို့ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ပွင့်ဖြူမြို့၊ ပွင့်မာလာပန်းခြံကို ဧပြီ ၁၀ ရက်နေ့က စပြီး ၁၉ ရက်နေ့အထိ ယာယီပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ အဓိကတော့ ပန်းခြံအတွင်း လူဝင်လူထွက်များပြီး ရောဂါပိုးကူးစက်မြန်စေတဲ့ လူစုလူဝေးတွေ မဖြစ်စေဖို့အတွက် ယာယီပိတ်ထားခြင်းဖြစ်ပါတယ်။ ယခုလို အများသူအပန်းဖြေရာနေရာအဖြစ် ဆောင်ရွက် ထားရှိသော ပွင့်မာလာပန်းခြံ ယာယီပိတ်ထားတဲ့အပေါ်မှာလည်း ပြည်သူများအနေနဲ့ ကျန်းမာရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာ သဘောပေါက်နားလည်စေချင်ပါတယ်။ ကျွန်မတို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါနဲ့ ပက်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင် သာယာဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးတော့ ဈေးရောင်းဈေးဝယ်ပြုလုပ်ကြရန်နှင့် ဈေးဝင်ပေါက် ၊ ထွက်ပေါက်များတွင် တပ်ဆင်ထားရှိသော လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးခြင်းများ ပြုလုပ်ရန် အသိပေးကြေညာခြင်းနှင့် ပျံကျဈေးသည်များ သုံးပေအကွာ စနစ်တကျ ဈေးရောင်းချနိုင်ရေးအတွက် နေရာများစီစဉ်သတ်မှတ်ပေးခြင်းများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် နေ့စဉ် နံနက် အမှိုက်သိမ်းယာဉ်များ ရပ်ကွက်များအတွင်း အမှိုက်များလိုက်လံသိမ်းဆည်းရာ၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အလေးထား လိုက်နာကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက် ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း က ပြောကြားသည်။ 

 

  ရဲဝင်းနိုင် ( ညောင်ဦး )