ရန်ကုန် ၁၁ ဧပြီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် အကောင်းဆုံး ထိပ်တန်းကစားသမားရှစ်ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသည့် Chinese 8 Ball ပြိုင်ပွဲ ပွဲစဉ်အတွဲများ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီမှာ ၂၀၁၈ ကမ္ဘာ့ချန်ပီယံဟောင်းနှင့် ပွဲဦးထွက် တွေ့ဆုံကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ သိရသည်။
အားတီသည် ၎င်း၏ ပွဲဦးထွက်ပွဲစဥ်ကို ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၈ မိနစ်တွင် ၂၀၁၈ ခုနှစ် ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ Yu Hai Tao နှင့် စတင်ကစားရမည် ဖြစ်သည်။ အားတီသည် Yu Hai Tao နှင့် အခြားပြိုင်ပွဲများ၌ နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်ပွဲစီ အနိုင်ရထားကြသည်။
"ကျွန်တော်သူနဲ့ ပွဲဦးထွက် တွေ့ရတဲ့အတွက် စိတ်ပူပန်မှု လုံးဝမရှိပါဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲကြီးက ပထမဆုံးပြိုင်ပွဲဆိုတော့ စိတ်တော့လှုပ်ရှားမိတယ်။ ကျွန်တော် ပြောနိုင်တာတစ်ခုကတော့ ပြိုင်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ရဲ့ပါဖောမင့်ကို မကျအောင် ထိန်းနိုင်ဖို့သာ အရေးကြီးတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ကျွန်တော် အကောင်းဆုံး ကြိုးစားကစားသွားမှာပါ"ဟု အားတီက ပြောသည်။
ယခုပြိုင်ပွဲတွင် ပွဲဦးထွက် တွေ့ဆုံကစားရမည့် Yu Hai Tao အပါအ၀င် ကမ္ဘာ့ချန်ပီယံဟောင်း ကစားသမားငါးဦး ပါဝင်ပြီး အိုးပင်းချန်ပီယံကစားသမားတစ်ဦး ပါဝင်သည်ဟု အားတီက ပြောသည်။ အားတီသည် ဒုတိယပွဲစဉ်အဖြစ် ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၉ မိနစ်တွင် Li Bo နှင့် ဆက်လက်ကစားရမည် ဖြစ်သည်။
ယခုပြိုင်ပွဲမှာ တရုတ်နိုင်ငံ၌ ပထမဆုံးကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ဧပြီ ၁၈ ရက်မှ သြဂုတ် ၁၈ ရက်ထိ ကျင်းပမည်ဖြစ်သည်။ ပထမအဆင့် ရှစ်ယောက်ပတ်လည်ကစားပြီး နိုင်ပွဲအများဆုံးလေးဦးမှာ ဒုတိယအဆင့် ဆက်လက်ကစားရမည်ဖြစ်သော်လည်း ကစားရမည့်ပုံစံများ မသိရသေးကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် ဆုကြေးငွေ စုစုပေါင်းမှာ မြန်မာငွေ ကျပ်သိန်း ၂၆၀၀ ဖြစ်ပြီး ပတ်လည်ပွဲတစ်ပွဲ အနိုင်ရရှိပါက ဆုကြေးငွေ ကျပ်သိန်း ၂၀ ရရှိမည်ဖြစ်သည်။ ချန်ပီယံဆု ရရှိပါက ကျပ်သိန်း ၁၀၀၀ ဆုရရှိမည် ဖြစ်ကြောင်း သိရသည်။
အာကာစိုး