ဒီးမော့ဆို ၁၁ ဧပြီ
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးကို ယနေ့နံနက်ပိုင်းမှစ၍ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ပြီး သောက်သုံးရေ လိုအပ်သော ကျေးရွာများအား ရေများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ငွေတောင်ကျေးရွာ၊ ဒေါငံခါးကျေးရွာ၊ ထီးလာထူးခူးကျေးရွာ၊ လားလဲကျေးရွာ၊ နန်းမယ်ခုံမြို့၊ သာရပ်ကျေးရွာ၊ ပတိုငံကျေးရွာ၊ ဒေါတငူး(ရှေ့)ကျေးရွာနှင့် စံပြ(၆)မိုင်ကျေးရွာတို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် မြို့နယ်အတွင်း သုံးသောက်ရေ လိုအပ်လျက်ရှိသော ကျေးရွာများအား ကယားပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် မြို့နယ်မီးသတ်စခန်းမှ သွားရောက်လှူဒါန်းလျက်ရှိသော ထီးလာထူးခူးကျေးရွာ၊ လိုဘာခိုကျေးရွာ၊ လားလဲကျေးရွာ၊ ဆောင်ဒူလာကျေးရွာနှင့် ပတိုငံကျေးရွာတို့အား သွားရောက်ကြည့်ရှုပြီး ဒေသခံပြည်သူများ သုံးသောက်ရေ ပြတ်လပ်မှုမရှိစေရေး ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးအပ်လျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု စုစုပေါင်း ၅၇၄၁ စုအား အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


