မိုးကောင်း ၁၁ ဧပြီ 

 

မိုးကောင်းမြို့နယ် ထောက်ပံ့ပစ္စည်းခွဲဝေပေးရေးနှင့် ကြီးကြပ်မှုကော်မတီ၏  ကြီးကြပ်မှုဖြင့် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါကြောင့် မြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော     အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အခမဲ့ဝေငှဖြန့်ဖြူးပေးသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို ရပ်ကွက်၊ ကျေးရွာအလိုက် ဆက်လက်ဖြန့်ဖြူး ဝေငှနေကြောင်း သိရသည်။

 

တစ်အိမ်ထောင်စုလျှင်ဝေငှပေးမည့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သားနှုန်းတို့ကို  မိုးကောင်းမြို့နယ်အတွင်း  အိမ်ထောင်စု(၅၀)အောက်ရှိသော ကျေးရွာအုပ်စု(၁၄)စုမှ အိမ်ထောင်စုစုစုပေါင်း (၃၅၃) စုကို ကနဦး ဖြန့်ဖြူးဝေငှခြင်းဖြစ်သည်။

 

အလားတူ ရပ်ကွက်အသီးသီးကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့မွန်းလွဲပိုင်းတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ အခမဲ့ဝေငှဖြန့်ဖြူးပေးသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို တစ်အိမ်ထောင်ချင်းစီ ဆက်လက်ဖြန့်ဝေကြောင်း သိရသည်။

 

မိုးကောင်းမြို့နယ်၌ ကျေးရွာအုပ်စု (၅၀)အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား  အိမ်ထောင်စုပေါင်း (၈၃၅၁)စုရှိကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)