ရန်ကုန် ၁၁ ဧပြီ
အရှေ့တောင်အာရှ၏ ထိပ်တန်း super app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော GrabKitchen ကို ဧပြီ ၁၀ ရက်က ရန်ကုန်မြို့ တာမွေမြို့နယ် ဓမ္မဒါနလမ်းတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ စုပေါင်းစားဖိုဆောင်တစ်ခုပုံစံ ဖန်တီးထားသည့် GrabKitchen ဆိုင်ခန်းနေရာတွင် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များအတွက် Grab အက်ပလီကေးရှင်းမှ မှာယူသည့် အစားအသောက် အမှာစာများကို ပြင်ဆင်ချက်ပြုတ်ပေးနိုင်ရန် နေရာတစ်ခု ထားရှိပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၏ ပထမဦးဆုံးသော GrabKitchen ကို COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် စားသောက်ဆိုင်များအားလုံး ပါဆယ်အော်ဒါဖြင့်သာ ရောင်းချရမည်ဟု တာဝန်ရှိသူများမှ ညွှန်ကြားချက် ထုတ်ပြန်ထားချိန်နှင့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် (၁၀)ရက်အတွင်း စားသောက်ဆိုင်အားလုံးနီးပါး ပိတ်ထားမည့်အချိန်တို့အမီ စတင်စမ်းသပ်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အချိန်ကာလများတွင် ရန်ကုန်မြို့နေ ပြည်သူများမှမိမိတို့ နှစ်သက်သည့် အစားအစာများကို ပြတ်လပ်မှုမရှိစေဘဲ Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood မှတစ်ဆင့် မှာယူနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ၆ နိုင်ငံမြောက်အဖြစ် GrabFood ဝန်ဆောင်မှုမှ စုပေါင်းမီးဖိုဆောင်အဖြစ် GrabKitchen ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများတွင် စုပေါင်းစားဖိုဆောင် (၅၀)ကျော်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပနှင့် မင်္ဂလာတောင်ညွှန့် မြို့နယ်များတွင် GrabFood ဝန်ဆောင်မှုလုပ်ငန်းကို တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
GrabFood အသုံးပြုသူများ အဆင်ပြေလွယ်ကူစေရန် GrabKitchen စားသောက်ဆိုင် အမျိုးမျိုးမှ အော်ဒါများကို တစ်ကြိမ်တည်းစုစည်း မှာယူနိုင်ပြီး ဧပြီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း အော်ဒါတစ်ခုလျှင် အနည်းဆုံး ငွေကျပ် (၁၀,၀၀၀) ဖိုး ဝယ်ယူသူများမှာ ပရိုမိုကုဒ် 'GRABKITCHEN' ကို အသုံးပြု၍ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း


