မန္တလေး ၁၁ ဧပြီ
မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအသင်းမှ မန္တလေးဒေသခံပြည်သူများ အပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံး လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါ ကပ်ဘေးကြီးမှ ကင်းဝေး၍ ကျန်းမာချမ်းသာကြစေရန် နှစ်သစ်အကြို ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောကြားသည်။
မန္တလေးသင်္ကြန်ပွဲတော်ကာလတွင် နှစ်စဉ် ဖျော်ဖြေမှုပေးနေသည့် မြို့မအပျော်တမ်း တူရိယာအသင်းအနေဖြင့် ယခုဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပူးပေါင်းပါဝင်ကူညီသောအားဖြင့် ယခုနှစ်သင်္ကြန်ပွဲတော်ကာလတွင် အသင်း၏ ဖျော်ဖြေရေးအစီအစဉ်များကို ရပ်နားထားခဲ့ကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
‘ကျွန်တော်တို့ မြို့မအသင်းက ဒီနှစ်သင်္ကြန်မှာ မြို့မိမြို့ဖတွေကို ဖျော်ဖြေမပေးနိုင်တဲ့အတွက် ဝမ်းနည်းမိပေမယ့် ဒီရောဂါကူးစက်မှုမရှိအောင် ပါဝင်ကူညီတဲ့အနေနဲ့ ဖျော်ဖြေမှုတွေ မလုပ်ဆောင်ခဲ့တာလို့ ခံယူထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းကြီးရဲ့ သင်္ကြန်ကာလမှာ မြို့တွင်းလှည့်လည်ဖျော်ဖြေမှုကို စောင့်ဆိုင်းနားဆင်ကြတဲ့ ပြည်သူတွေအတွက် ဒီနှစ်မှာ လာရောက်ဖျော်ဖြေမှု မပေးနိုင်တော့ပေမယ့် ရှေ့နှစ်တွေမှာ အများမသိသေးပဲ တိမ်မြှုပ်နေတဲ့ သီချင်းကောင်းတွေကို ဖော်ထုတ်ပြီး မန္တလေးပရိသတ်ကြီးကို လှိုက်လှိုက်လှဲလှဲနဲ့ ဖျော်ဖြေပေးနိုင်ဖို့ အစီအစဉ်တွေနဲ့ ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်လို့ သတင်းစကားပါးချင်ပါတယ်။ မန္တလေးဒေသခံပြည်သူတွေ ရောဂါဘယကင်းဝေးစွာနဲ့ နောင်နှစ်တွေမှာ မြို့မအသင်းကြီးရဲ သီဆိုဖျော်ဖြေမှုတွေကို ပျော်ရွှင်စွာ ခံစားနားဆင်နိုင်ကြပါစေ။ နိုင်ငံသူနိုင်ငံသားအားလုံးလည်း COVID-19 ရောဂါကပ်ဘေးကြီးမှ ကင်းဝေးကာ ကျန်းမာချမ်းသာကြပါစေလို့ အသင်းရဲ့ကိုယ်စား ဆုတောင်းမေတ္တာပို့သပါတယ်’ ဟု ၎င်းက ပြောသည်။
မြို့မအသင်းကြီးကို ၁၉၂၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၃၀ ခုနှစ်ဝန်းကျင်မှစ၍ ငွေငန်းအလှပြယာဉ်ကြီးဖြင့် သင်္ကြန်ပွဲတော် ဖျော်ဖြေမှုများကို စတင်ခဲ့ကာ နှစ်စဉ်သင်္ကြန်ကာလအတွင်း ဖျော်ဖြေမှုများအဖြစ် သင်္ကြန်အကြိုနေ့ မဟာမုနိဘုရားသို့ ဦးတိုက်ဖူးမြော်ခြင်း မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတွင် အလှပြယာဉ်များအား ရှေ့ဆုံးမှ ဦးဆောင်၍ ပါဝင်ဆင်နွှဲခြင်းများအပြင် သင်္ကြန်အကျနေ့မှ အတက်နေ့အထိ ညပိုင်းများတွင် မြို့တွင်းရှိ ရပ်ကွက်အသီးသီးသို့ လှည့်လည်ကာ ဖျော်ဖြေတင်ဆက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


