ရန်ကုန် ၁၁ ဧပြီ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်က ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်ငါးမျိုးအား ပြည်သူများထံ ဖြန့်ဝေပေးမှု အစီအစဉ်ကို ယနေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ အမှတ်(၁၇)ရပ်ကွက်၌ ဆောင်ရွက်သည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် အဆိုပါရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအနက်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၁၉ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာ စုစုပေါင်း အခြေခံစားသောက်ကုန် ငါးမျိုးတို့ကို သက်ဆိုင်ရာ၏ ကြီးကြပ်မှုဖြင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့မှုများပြုလုပ်ကြသည်။
ထောက်ပံ့မှုနှင့်ပတ်သက်၍ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှနွယ်က “လူစုလူဝေး မဖြစ်အောင် အိမ်ရှေ့အရောက် လိုက်လံပြီး ဖြန့်ဝေပေးပါတယ်။ ကြိုတင်ကောက်ယူထားတဲ့စာရင်းအတိုင်း အားလုံးရရှိအောင် ဆောင်ရွက်ပေးပါတယ်။ အကယ်၍ စာရင်းကောက်ယူမှုမှာမပါရှိဘဲ ကျန်ရှိခဲ့တဲ့သူတွေရှိရင်လည်း အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့အခါ သူတို့ကို ဦးစားပေးအနေနဲ့ ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။
ထိုသို့ ထောက်ပံ့မှုများပြုလုပ်နိုင်ရန်အတွက် အမှန်တကယ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများစာရင်း ကောက်ယူမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ရပ်ကွက်များရှိ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့သည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ နှင်းဆီလမ်းနေ ဒေါ်အေးအေးဝင်းက “ဝင်ငွေမရှိတဲ့ ကာလမှာ အခုလိုထောက်ပံ့ပေးမှုဟာ ကျွန်မတို့ မိသားစုအတွက် စားသောက်ဖို့ တစ်ပတ်စာလောက် အဆင်ပြေသွားပြီ။ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် အပြင်မထွက်ရဲတဲ့အချိန်မှာ အခုလို ကူညီပေးတဲ့အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်တယ်”ဟု ပြောသည်။
လှိုင်သာယာ (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) မြို့နယ်တွင် ကျေးရွာ အုပ်စု ၉ အုပ်စုနှင့် ရပ်ကွက်ပေါင်း ၂၀ ရှိပြီး အဆိုပါ မြို့နယ်တွင် လူဦးရေ ၁၀ သိန်းကျော်ရှိကာ သက်ဆိုင်ရာမှ ကောက်ယူထားသော စာရင်းများအရ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား(မိသားစု)များ စာရင်းမှာ ၇၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
အလားတူ ထိုသို့ ဖြန့်ဝေပေးမှု အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဧပြီ ၁၀ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ယင်းနေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်(၆)ရပ်ကွက်နှင့်အတူ ရန်ကင်း၊ မင်္ဂလာတောင်ညွှန့်နှင့် ဗဟန်းမြို့နယ်တို့ရှိ ရပ်ကွက် အချို့တွင်လည်းကောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဒဂုံတောင်ပိုင်းမြို့နယ်တွင် လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


