ကာမိုင်း   ၁၁  ဧပြီ 

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ အခြေခံစားသောက်ကုန်(၅)မျိုးကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ယနေ့မွန်းလွဲ ၁ နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ကာမိုင်းမြို့ မြို့မရပ်ကွက်(၁)၌နေထိုင်သော ဒေါ်ထွေးယဉ်က “ဒီရောဂါကပ်ဆိုးကို တွေ့ကြုံနေရပြီးစားသောက်ရေး အရမ်းခက်ခဲနေတဲ့ယခုလိုအချိန်မှာ ကျွန်မတို့ အခြေခံလူတန်းစားတွေကို အခုလိုထောက်ပံ့ပေးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့တစ်ကွ သက်ဆိုင်ရာ လူကြီးများကို အထူးကျေးဇူးတင်ပါတယ်၊ တစ်ခါမှမရဘူးတော့ အရမ်းလည်းဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ပြောသည်။

 

ထောက်ပံ့ပေးအပ်ရာ၌ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖတို့က ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၁)ပိဿာ၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာ စသည်တို့ပါဝင်ပြီး ကာမိုင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု (၂၄၃)စုအား ဧပြီ ၁၁ ရက်မှ ၁၂ ရက်အထိ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)