မိုင်းဆတ် ၁၁ ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အိမ်ထောင်စု(၁၉၁၄)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်(၅)မျိုးကို ယနေ့မွန်းလွဲ ၂ နာရီမှ စတင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။          

 

ဖြန့်ဝေပေးရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၁)စုသို့ တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)သား၊ ပဲ(၁) ပိဿာ၊ ဆား(၅၀)ကျပ်သားနှင့် ကြက်သွန်နီ(၁)ပိဿာ စသည့် အခြေခံ စားသောက်ကုန်(၅)မျိုးကို လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။

 

မိုင်းဆတ်မြို့နယ်တွင်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၀)စု၊ အိမ်ထောင်စု(၁၇၅၈၉)စုရှိပြီး စာရင်း ကောက်ယူချက်အရ  ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစားအိမ်ထောင်စု (၁၉၁၄)စုရှိသည့်အနက် ယနေ့ မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၁) စုသို့ အခြေခံစားသောက်ကုန်များ စတင်ဖြန့်ဝေပေးခဲ့ပြီး  ကျန်ရှိနေသော အိမ်ထောင်စု(၁၆၈၃)စုအား ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)