ဟင်္သာတ ၁၁ ဧပြီ
ဟင်္သာတမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံ စားသောက်ကုန် (၅)မျိုးကို ကျေးရွာအုပ်စု(၃)အုပ်စုတွင် စတင်ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မီးနင်းကျေးရွာဓမ္မာရုံတွင် အခြေပြု၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်တို့က ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်တို့နှင့်အတူ အင်းဓဝယ်ကျေးရွာအုပ်စု၊ လယ်တော်ကျေးရွာအုပ်စုနှင့် သပြုပင်ကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၄၀၃)စုတို့အတွက် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀) သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်(၁)ပိဿာ စသည့် စားသောက်ကုန်ပစ္စည်း (၅)မျိုးတို့ကို ဖြန့်ဝေပေးအပ်ခဲ့သည်။
ဟင်္သာတမြို့နယ်၌ ရပ်ကွက်(၃၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၀၁)အုပ်စုတို့တွင် အိမ်ထောင်စုပေါင်း(၈၇၂၄၂) စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၃၈၉၄)စုတို့အား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန် စားသောက်ကုန်ပစ္စည်း ၅ မျိုးတို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


