ဝန်းသို ၁၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine (၁၄) ရက် စောင့်ကြည့်ရေးဌာနများသို့ ယနေ့နံနက် ၈ နာရီခွဲက အလှုရှင်များစုပေါင်း၍ နှာခေါင်းစည်း (MASK)နှင့် စားသောက်ကုန်ပစ္စည်းများကို သွားရောက်လှုဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များစုပေါင်း၍ အဟာရဒါန ဒံပေါက် (၄၀၀)ထုပ်၊ နှာခေါင်းစည်း (MASK) (၁၅၀၀)ခု၊ ဆန်(၃)အိတ်၊ ကြာဇံ၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်ထုတ်၊ အချိုရည်ဘူး စသော စားသောက်ကုန်ပစ္စည်းများကို မြို့နယ်တွင်း စောင့်ကြည့်ရေးစခန်းဖွင့်လှစ်ထားရှိသော ကျေးရွာ (၃၇)ရွာသို့ သွားရောက်၍ လှူဒါန်းခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် Volunteer စေတနာ့ဝန်ထမ်းအဖွဲ့များက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည်။
ဝန်းသိုမြို့နယ်တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ၊ ရောဂါဖြစ်ပွားရာဒေသနှင့် နယ်စပ်ဒေသများမှ ပြန်လည်ရောက်ရှိလာသူ (၁၄) ဦး တို့အား Facility Quarantine (၁၄)ရက် စောင့်ကြည့်ရေးစခန်းတွင် Facility Quarantine (၁၄)ရက် စောင့်ကြည့်နေထိုင်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းမှ နေရပ်ပြန်လည်ရောက်ရှိလာသူ အမျိုးသား၊ အမျိုးသမီး (၁၆၉၅)ဦးကို Home Quarantine အဖြစ် လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး (၃၆၀) ဦးကို ကျေးရွာအလိုက် စီစဉ်ထားသော Facility Quarantine အဖြစ်လည်းကောင်း စောင့်ကြည့်နေထိုင်စေကာ တာဝန်ရှိသူများနှင့် Volunteer စေတနာ့ဝန်ထမ်းအဖွဲ့များက စောင့်ကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


