ပင်လုံ    ၁၁  ဧပြီ


ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲတစ်ပိဿာနှင့်  ကြက်သွန်နီတစ်ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု(၅)မျိုးစီကို ယနေ့ မွန်းလွဲ ၁ နာရီမှ စတင်၍ လွိုင်လင်မြို့နယ် ပင်လုံမြို့ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄)၌ နေထိုင်သော အိမ်ခြေစုစုပေါင်း (၁၀၇)အိမ်အား အခမဲ့ထောက်ပံ့ဖြန့်ဖြူးပေးခဲ့သည်။ 


လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ စုပေါင်း၍ မြေပြင်၌စာရင်း ကောက်ယူထားသည့်အတိုင်း ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော မိသားစုများ၊ အမှန်တကယ်လိုအပ်ချက်ရှိသည့် မိသားစုများအတွက် စားသောက်ကုန် (၅)မျိုးအား တစ်ဦးချင်းပေးအပ်သည်။


ယခုကဲ့သို့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ပင်လုံမြို့အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နန်းမြင့်မြင့်ဆွေ