ရိခေါ်ဒါရ် ၁၂ ဧပြီ  

 

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ရှိ  ရပ်ကွက်များအတွင်းနေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း ၂၂၀ စုအတွက် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်(၅)မျိုး ပေးအပ်ခြင်းကို ဧပြီ ၁၁ ရက်က ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ မြို့စားသောက်ကုန်ဖြန့်ဝေရေး ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျင်လမ်းခိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ရပ်ကွက်လူငယ်များပူးပေါင်းမှုဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခြေခံစားသောက်ကုန်(၅)မျိုးဖြန့်ဝေပေးရာတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၀ စုတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၂၀ဝ စုတို့အား အထကခွဲကျောင်း ခန်းမဆောင်၌လည်းကောင်း အသီးသီးဖြန့်ဝေပေးခဲ့ကြောင်း၊ ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခုလုံး၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုပေါင်း ၂၂၀ စုထံသို့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ကျွန်မတို့မိသားစုဘဝလို တစ်နေ့လုပ်တစ်နေ့စား ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို အခုလိုနိုင်ငံတော်က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးမှုအပေါ် အတိုင်းမသိ ဝမ်းသာမိပါတယ်။ အခြေခံစားသောက်ကုန်တွေ ရရှိနိုင်ဖို့နဲ့ လိုအပ်တာများ ပူးပေါင်း ကြီးကြပ်ဆောင်ရွက်ပေးတဲ့ မြို့အုပ်ချုပ်ရေးမှူးနဲ့အတူ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့များနဲ့ ရပ်ကွက်လူငယ်တွေအပေါ်ကိုလည်း ကျေးဇူးတင်မိပါတယ်။”ဟု အခြေခံစားသောက်ကုန် ဖြန့်ဝေလက်ခံရရှိသူ ပြည်သူတစ်ဦးကပြောသည်။

 

ရိခေါ်ဒါရ်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အိမ်ထောင်စုပေါင်း ၂၂၀ စု အတွက် အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးရာမှာ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၀)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈)ပြည် နှုန်းဖြင့် ဆန် ၁၆၀ ပြည် (၆ အိတ်၊ နှစ်ပုံး)၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၀ဝ)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် (၈)ပြည်နှုန်းဖြင့် ဆန် ၁၆၀ဝ ပြည် (၆၆ အိတ်၊ နှစ်ပုံး)၊ စသည်ဖြင့် ဆန်အိတ်ပေါင်း ၁၇၆၀ ပြည်၊ (၇၂ အိတ်၊ ၄ ပုံး) ဖြန့်ဝေပေးခဲ့ကြောင်း အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးမှုအပေါ် ပြည်သူများ ဝမ်းမြောက် ကျေနပ်မှုရှိကြကြောင်း သိရသည်။

 

ပက်ကာ (ပြန်/ဆက်)