လှိုင်းဘွဲ   ၁၂    ဧပြီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် စားသောက်ကုန်(၅)မျိုးကို ဧပြီလ(၁၀)ရက်နေ့မှ စတင်၍ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ထိုသို့ဝေငှရာတွင် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅) မျိုးဖြစ်သော ဆန် (၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာတို့ကို (က)ရပ်ကွက် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၀ဝ)စု၊ (ခ)ရပ်ကွက် အိမ်ထောင်စု(၁၆၄)စုအား အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးခဲ့ပြီး ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှု လျော့နည်းစေရန်အတွက် ပြည်သူများအားလုံး မိမိအိမ်၌ နေထိုင်၍ ပူးပေါင်း ပါဝင်ပေးကြရန် ပြောကြားခဲ့သည်။

 

လှိုင်းဘွဲမြို့နယ်အတွင်းရှိ(လှိုင်းဘွဲ၊ပိုင်ကျုံ၊ရှမ်းရွာသစ်) ရပ်ကွက်(၁၃)ရပ်ကွက်တွင် အိမ်ထောင်စု (၇၇၉)အုပ်စု၊ ကျေးရွာအုပ်စု (၇၂)အုပ်စုတွင် အိမ်ထောင်စု(၁၃၆၆၁) စုစုပေါင်း ရပ်ကွက်/ ကျေးရွာ(၈၅)တွင် အိမ်ထောင်စု(၁၄၄၄၀)ရှိပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးသည့် စားသောက်ကုန်(၅)မျိုးကို ကျန်ရှိနေသော အိမ်ထောင်စုများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)