ရန်ကုန် ၁၂ ဧပြီ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ကူညီမှု (၅)မျိုး (အခမဲ့) ထောက်ပံ့ပေးသော စားသောက်ကုန်ပစ္စည်းများအား ဧပြီ ၁၁ ရက် မွန်းလွဲ ၃ နာရီက သန်လျင်မြို့ မြို့ဟောင်းအရှေ့ရပ်ကွက်နှင့် မြို့ဟောင်းအနောက်ရပ်ကွက်တို့တွင် အိမ်အရောက် စတင် ဖြန့်ဝေပေးကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်နှင့် မြို့ဟောင်းအနောက်ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား သန်လျင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့သော အခြေခံစားသောက်ကုန် ပစ္စည်းများအား အိမ်တိုင်ရာရောက် ဖြန့်ဝေပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ မဟာသင်္ကြန်ရုံး ပိတ်ရက်ရှည်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာနှင့် ကြက်သွန်(၁)ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅)မျိုးစီကို နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုကူညီမှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ရပ်ကွက်(၁၇)ခုနှင့် ကျေးရွာ (၂၈)ရွာ၊ စုစုပေါင်း (၄၅)အုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၃၉၉၉၁)စု တို့ကို (အခမဲ့) ဖြန့်ဖြူးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)