မိုင်းဖြတ် ၁၂ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နယ်တွင် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အခြေခံကုန်စည်(၅) မျိုး ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီများကို ဧပြီ ၁၂ ရက် နံနက် ၉ နာရီမှစ၍ ကျေးရွာအုပ်စု ၁၂ အုပ်စုသို့ အိမ်တိုင်ယာရောက် ဆက်လက်ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့များက အဖွဲ့ ၆ ဖွဲ့ခွဲ၍ ကျေးရွာများအုပ်စု ၁၂ စုမှ အိမ်ထောင်စု ၂၉၀ တို့အား ဆန် ၈ပြည်၊ ဆီ ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ ၁ပိဿာနှင့် အောင်ထိပ်စံကုန်စုံဆိုင်မှ ပါဝင်လှူဒါန်း အိမ်ထောင်စုတစ်စုလျင် ဆီ ၃၀ ကျပ်သားဆီတို့ကို လိုက်လံဖြန့်ဝေပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်အတွင် ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်းကောက် ယူရရှိ သည့်စာရင်းများအရ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်စုများမှ အိမ်ထောင်စု ၅၈၀ ရှိတို့ကို အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


