ကာမိုင်း ၁၂ ဧပြီ
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ အခြေခံစားသောက်ကုန်(၅)မျိုးကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ကာမိုင်းမြို့၊ မြို့မရပ်ကွက်(၁)၌ နေထိုင်သော ဒေါ်ထွေးယဉ်က “ဒီရောဂါကပ်ဆိုးကို တွေ့ကြုံနေရပြီး စားသောက်ရေး အရမ်းခက်ခဲနေတဲ့ ယခုလိုအချိန်မှာ ကျွန်မတို့ အခြေခံလူတန်းစားတွေကို အခုလိုထောက်ပံ့ပေးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့တစ်ကွ သက်ဆိုင်ရာ လူကြီးများကို အထူးကျေးဇူးတင်ပါတယ်၊ တစ်ခါမှမရဘူးတော့ အရမ်းလဲဝမ်းသာပီတိ ဖြစ်ရပါတယ်” လို့ပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ပေးအပ်ရာ၌ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖတို့က ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ရာ အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၁)ပိဿာ၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာစသည်တို့ပါဝင်ပြီး ကာမိုင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု များရှိ အိမ်ထောင်စု (၂၄၃)စုအား ဧပြီ(၁၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)


