ရန်ကုန် ၁၂ ဧပြီ
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော လက်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပွားစေရေး ဖျားနာလူနာများအား အခမဲ့ကုသမှု ဆေးခန်းကို ယနေ့ နံနက် ၁၀ နာရီက ဒလ-တွံတေးကားလမ်းမကြီးဘေးရှိ အောင်မင်္ဂလာရပ်ကွက် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း စိန်ပန်းဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဆေးခန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းတွင် ဆရာဝန်(၂)ဦး၊ သူနာပြုများ နှင့် ကြက်ခြေနီတပ်ဖွဲ့ သူနာပြု ဆရာမများက နေ့စဉ်နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီထိ အခမဲ့စစ်ဆေးကုသပေးသွားမည်ဖြစ်၍ မြို့နယ်အတွင်း ဖျားနာလူနာများအနေဖြင့် မည်သူမဆို လာရောက်ပြသ ကုသမှုခံယူနိုင်ကြောင်းသိရသည်။
နိုင်လင်းကျော်(ပြန်ဆက်)


