ဆင်ဘို ၁၂  ဧပြီ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အတွင်း ဆင်ဘိုမြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၄) စုတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ပစ္စည်း (၅) မျိုးကို ဧပြီ ၁၁ ရက်နေ့တွင် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာများအရောက် လိုက်လံထောက်ပံ့ ဝေငှပေးခဲ့ကြောင်း သိရှိရသည်။

 

ဆင်ဘိုမြို့တွင် မြို့ပေါ်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) အုပ်စုရှိတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၄) စု၊ လူဦးရေစုစုပေါင်း (၁၁၀၁) ဦးတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ပစ္စည်း (၅) မျိုးကို ထောက်ပံ့ပေးခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကျော်ထံမှှ သိရသည်။ “ကျွန်တော်တို့ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှာရှိတဲ့ အိမ်ထောင်စုတွေအတွက် တစ်ချို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေ ဖြန့်ဝေပေးခဲ့ပြီး တစ်ချို့ သွားလာဖို့ ခက်ခဲတဲ့ အိမ်ထောင်စုတွေအတွက်ကိုတော့ သူတို့နေအိမ်အရောက် ဖြန့်ဝေပေးခဲ့ပါတယ်” ဟု ၎င်းက ပြောပြသည်။

           

လတ်တလော စာရင်းကောက်ယူမှုအရ မြို့ပေါ်တွင် အောင်ချမ်းသာရပ်ကွက်၊ ဧရာဦး ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် (၃) ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု (၂၈၄) စုအတွက်သာ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး ဝေငှရန် ကျန်ရှိနေသေးသည့် အိမ်ထောင်စုများကိုလည်း ထပ်မံဝေငှပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးရုံး သိရှိရသည်။

 

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)