ဝန်းသို ၁၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်က ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဧပြီ ၁၀ ရက်မှစတင်၍ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ဖြန့်ဝေပေးလျက်ရှိရာ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၁၃၈၆ စုအား ဖြန့်ဝေပေးပြီးဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များက အခြေခံစားသောက်ကုန်များကို နယ်မြေအလိုက်၊ ကျေးရွာအုပ်စုအလိုက် သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးစီကို ဖြန့်ဝေပေးခဲ့သည်။
ဝန်းသိုမြို့နယ်၌ မြို့ပေါ်ရပ်ကွက်ကြီး ၄) ရက်ကွက်အပါအဝင် ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာပေါင်း ၁၇၉ ရွာ တို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၅၀၀၀ ကျော် စာရင်းကောက်ယူထားပြီး ဧပြီ ၁၀ ရက်၌ (နယ်မြေ-၅) ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၇၂၃ စုကိုလည်းကောင်း၊ ဧပြီ ၁၁ ရက်၌ (နယ်မြေ-၆) ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၆၆၃ စုကိုလည်းကောင်း အခြေခံ စားသောက်ကုန် (၅)မျိုးစီကို ဖြန့်ဖြူးပေးခဲ့သည်။
ဆက်လက်၍ ကျန်ရှိသည့် နယ်မြေ(၁၊ ၂၊ ၃၊ ၄) ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဖြန့်ဖြူးပေးလျက်ရှိကြောင် သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


