နေပြည်တော်   ၁၂   ဧပြီ

 

နေပြည်တော်ကောင်စီ Coronavirus Disease 2019 (COVID- 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ  ပျဉ်းမနား၊ လယ်ဝေး၊  ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊  တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိနှင့် ဥတ္တရသီရိမြို့နယ်များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဧပြီ ၁၀ ရက်မှ စတင်၍ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ပဲ နှင့် ဆား စသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို သက်ဆိုင်ရာ မြို့နယ်များမှတစ်ဆင့် ပေးဝေဖြန့်ခွဲလျက်ရှိသည်။

 

နေပြည်တော်ကောင်စီက သက်ဆိုင်ရာမြို့နယ်များ၌ ဖွဲ့စည်းထားသည့် စိစစ်ရေးအဖွဲ့များ၏ စိစစ်တင်ပြချက် စာရင်းများအတိုင်း ပေးဝေဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး နေပြည်တော်အတွင်း ဖြန့်ဝေရန်လျာထားသည့် အိမ်ထောင်စု ၁၄၀၈၄၈ စုရှိကြောင်း သိရသည်။

 

ထိုသို့ပေးဝေဖြန့်ဖြူးရာ၌ သက်ဆိုင်ရာမြို့နယ်များက ဧပြီ ၁၀ ရက်တွင် အိမ်ထောင်စု ၅၀၅၅ စု ၊ ဧပြီ ၁၁ ရက်တွင် အိမ်ထောင်စု ၂၆၃၀၇ စု နှင် ယနေ့ ဧပြီ ၁၂ ရက် မွန်းတည့် ၁၂ နာရီအထိ အိမ်ထောင်စု ၇၉၀၅ စုကို ဆန် ၈ ပြည်စီ၊ ဆီ (၅၀) ကျပ်သားစီ၊ ကြက်သွန်နီ တစ်ပိဿာစီ၊ ကုလားပဲ တစ်ပိဿာစီနှင့် ဆား (၅၀) ကျပ်သားစီ ပေးဝေဖြန့်ဖြူးခဲ့ ကြောင်း သိရသည်။

 

နေပြည်တော်ကောင်စီမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက “ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာရှိတဲ့ အိမ်ထောင်စု တစ်သိန်းလေးသောင်းကျော်ကို ဆန်၊ ဆီ ၊  ဆား၊ ကုလားပဲနဲ့ ဆားတွေ ဖြန့်ဝေနေပါတယ်။ ကြက်သွန်နီ ဖြန့်ဝေမှုက ဧပြီ ၁၅ ရက်ဆို ပြီးပါပြီ။   ဆန်ဖြန့်ဝေမှုအနေနဲ့ လောလောဆယ် ဆန်အိတ် တစ်သောင်းလောက် ဖြန့်ဝေဖို့ ကျန်နေပါသေးတယ်။  စာရင်းတွေကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ မြို့မိမြို့ဖတွေ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဖွဲ့စည်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး စာရင်းကောက်ယူပြုစုပါတယ်။  အဲဒီလို စာရင်းကောက်ယူရာမှာ အမှန်တကယ် ကျန်ရှိ နေတယ်ဆိုရင် သက်ဆိုင်ရာကို ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ရှင်းပြသည်။

 

“ကျွန်တော်တို့ရပ်ကွက်မှာ ထောက်ပံ့ရေးပစ္စည်းတွေကို ဒီနေ့ ဧပြီ ၁၂ ရက် နံနက် ပိုင်းကတည်းက စတင်ပေးဝေ ဖြန့်ဖြူးနေပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ကို အပိုင်း ၉ ပိုင်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် သက်ဆိုင်ရာအပိုင်းလိုက် ဖြန့်ဖြူးပေးနေပါတယ်။   မွန်းတည့် ၁၂ နာရီအချိန်အထိ ငါးသိန်းအပိုင်းမှာ အိမ်ထောင်စု ၆၆ စု၊ တောင်ဇီးအပိုင်းမှာ ၁၆၈ စု၊ ကျွန်းတဘက်ချမ်းရွာမှာ ၁၃၅ စုကို ဆန် ၈ ပြည်စီ၊ ဆီ  ၅၀ ကျပ်သားစီ၊ ကြက်သွန်နီ တစ်ပိဿာစီ ပေးဝေ ဖြန့်ဖြူးခဲ့ပါတယ်။ ပဲနဲ့ ဆားကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။  ကျန်တဲ့ ဇီဝိတအပိုင်း၊ ကျွန်တစ်ဘက်ကုန်းရွာအပိုင်း၊ ရွှေကြာပင် ကွက်သစ်အပိုင်း၊ တောင်လေးအပိုင်း၊ ကြာပင်ရွာဟောင်းအပိုင်း၊ တဲကုန်အပိုင်း၊ သာယာကုန်းစောင်းအိုင်အပိုင်း ဆိုတဲ့အပိုင်းတွေကိုလည်း ဆက်လက်ပေးဝေဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။ ဆီနဲ့ ကြက်သွန်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ထုတ်ယူရပြီး ဆန်အိတ်တွေကိုတော့ မြို့နယ်ရုံးက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေအထိ လိုက်လံဖြန့်ဖြူးပေးပါတယ်” ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ရှင်းပြသည်။

 

စာရင်းကောက်ယူရာ၌ ကျန်ရှိနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍  ၎င်းက ဆက်လက်ရှင်းပြရာတွင် “စာရင်း ကောက်ယူချိန် တိုတောင်းတဲ့အတွက် စာရင်းကျန်တွေလည်း ရှိနိုင်ပါတယ်။  စာရင်းကောက်ယူချိန် နေအိမ်တွေမှာ လူမရှိတာနဲ့ ခြံဝိုင်းတစ်ဝိုင်းတည်းမှာ အိမ်ထောင်စုက ၅ စု ၆ စု ဖြစ်နေတာတွေ ရှိနေတဲ့အတွက် စာရင်းကျန်တွေ ရှိနေပါတယ်။  နိုင်ငံတော်က ဖြန့်ဖြူးပေးတဲ့ ရိက္ခာတွေ ဖြန့်ဖြူးရင်း စာရင်းကျန်တွေ တွေ့ရတဲ့အခါ အမည်စာရင်းတွေ ထပ်မံမှတ်သားပြီး  နောင် ရိက္ခာထပ်မံပေးဝေတဲ့အခါ ဆက်လက်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

 

ပုံမှန်ဝင်ငွေမရှိသူ ရွှေကြာပင်ရပ်ကွက် ကိုအေးမင်းထွန်း က “ကျွန်တော်ကတော့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ငါးသိန်းအပိုင်းက ဖြစ်ပါတယ်၊ နိုင်ငံတော်အစိုးရက ကျွန်တော်တို့လို ပုံမှန်ဝင်ငွေမရှိတဲ့သူတွေကို ရိက္ခာတွေ ထောက်ပံ့ပေးတဲ့အတွက် အထူးပဲ ဝမ်းသာမိပါတယ်။  ကျွန်တော့အသက် ၄၀ နှစ်မှာ အခုလို ရိက္ခာတွေ ထောက်ပံ့ပေးတာ ပထမဆုံး ကြုံတွေ့ဖူးခြင်းပါပဲ။  ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ပတ်သက်လို့ လာရောက်ထုတ်ယူ နိုင်သူတွေကို လာရောက်ထုတ်ယူစေပြီး မလာရောက်နိုင်တဲ့သူတွေကို သက်ဆိုင်ရာ ရာအိမ်မှူး ဆယ်အိမ်မှူးတွေက အိမ်တိုင်ရာရောက် လိုက်လံဝေငှပေးနေကြပါတယ်။ လောလောဆယ် အိမ်ထောင်စုတစ်စုကို ဆန် ၈ ပြည်၊ ဆီ ငါးဆယ်သား၊ ကြက်သွန်တစ်ပိသာ ပေးဝေဖြန့်ဖြူးပြီးပါပြီ။  ကုလားပဲနဲ့ ဆားကို ဆက်လက်ပေးဝေ ပေးဦးမယ်လို့ သိရပါတယ်” ဟု ပြောသည်။

 

“ကျွန်တော်တို့ ရပ်ကွက်မှာ ဧပြီ ၁၀ ရက်ကတည်းက စာရင်းတွေ ကောက်ယူပါတယ်။  မရှိဆင်းရဲ ဒုက္ခရောက်တဲ့ သူတွေကို ဦးစားပေးပြီး စာရင်းကောက်ယူပါတယ်။ စိစစ်ရေးအဖွဲ့နဲ့စိစစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်လက် တင်ပြပေးပါတယ်။ ဒီနေ့ ဧပြီ ၁၂ ရက်စလို့ စာရင်းထဲမှာပါတဲ့ အိမ်ထောင်စုတွေအတိုင်း ဆန်၊ ဆီ၊ ကြက်သွန်တွေ ပေးဝေ ဖြန့်ဖြူးပေးပါတယ်။ ဆား ၅၀ သားစီနဲ့ ပဲ တစ်ပိဿာစီကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ အချို့အိမ်ထောင်စုတွေကို ရုံးမှာပေးဝေပြီး အချို့အိမ်ထောင်စုတွေအတွက် အိမ်အရောက် ဖြန့်ဝေခြင်းစနစ်ကိုလည်း ဆောင်ရွက်နေပါတယ်။  ရပ်ကွက်ထဲက ပုံမှန်ဝင်ငွေမရှိတဲ့သူတွေကို ပေးဝေခွင့်ရလို့ အထူးဝမ်းသာရပါတယ်” ဟု  ရွှေကြာပင်ရပ်ကွက် ရာအိမ်မှူး ဦးခင်မောင်စန်းက ရှင်းပြသည်။

 

မင်းမင်းဇော်(ကလေး)
ဓာတ်ပုံ- ကိုသစ္စာ