ဒီးမော့ဆို ၁၂ ဧပြီ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်တွင် နှစ်စဉ်မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ၊ ဒေသခံများ လာရောက်လည်ပတ်မှု များပြားလျက်ရှိသော်လည်း ယခုနှစ် သင်္ကြန်ကာလတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လာရောက်လည်ပတ်သူ မရှိသည့်အပြင် ရေကစားသူများလည်း မရှိကြောင်း သိရသည်။
ငွေတောင်ဆည်သည် ကယားပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်သည့်အပြင် သင်္ကြန်ကာလတွင် လာရောက် လည်ပတ်သူများ၊ ရေကစားသူများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်းကားလျက်ရှိပြီး ယခုနှစ်တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လာရောက်လည်ပတ်မှုကိုလည်း ပိတ်ပင်ထား ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ငွေတောင်ဆည် အပါအဝင် ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ ကျေးရွာနှင့် ကွိုင်ငံရေထွက်သို့ လာရောက်လည်ပတ်မှုကို ကယားပြည်နယ်အစိုးရအဖွဲ့မှ ဧပြီ ၃၀ ရက်ထိ ပိတ်သိမ်းထားကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


