ရေဦး ၁၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကို ယမန်နေ့က ထောက်ပံ့ပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ပေးဝေရာတွင် ဧပြီ ၁၁ ရက်မှစ၍ အောင်ဆန်းရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၄၅ စုနှင့် ဗိုလ်အောင်ဇေယျရပ်ကွက် ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၂၄၅ စုတို့အား ကုလားပဲ တစ်ပိဿာ၊ ဆန် ရှစ်ပြည်၊ ဆား ၅၀ ကျပ်သား၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်နီ တစ်ပိဿာတို့ကို အိမ်အရောက် ပို့ဆောင်ထောက်ပံ့ပေးခဲ့သည်။
ထို့ပြင် ဒေါ်အောင်( ရေဦး၀က်အူချောင်း) မိသားစုမှ အောင်ချမ်းသာရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၂၉၃ စုတို့အား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥ ၁၀ လုံး၊ ဆီ ၃၅ ကျပ်သားကိုလည်းကောင်း သီးခြားထောက်ပံ့ခဲ့သည်။
အလားတူ ယနေ့ နံနက်ပိုင်းက ရပ်ကွက်ကျေးရွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ရပ်ကွက်ကျေးရွာကော်မတီတို့မှ အောင်မင်္ဂလာရပ်ကွက်ရှိ အိမ်ထောင်စု ၃၀၇ စု၊ အောင်ချမ်းသာရပ်ကွက်ရှိ အိမ်ထောင်စု ၂၉၃ စု ၊ မကျီးတောကျေးရွာရှိ အိမ်ထောင်စု ၁၆၀ စု၊ မုတ်စီကျေးရွာရှိ အိမ်ထောင်စု ၁၅၇ စု၊ ငြုတ္တုံကျေးရွာရှိ အိမ်ထောင်စု ၆၀ စု၊ ဇိန့်ဇွန်းကျေးရွာရှိ အိမ်ထောင်စု ၁၀၀ စု၊ ကုက္ကိုစုကျေးရွာရှိ အိမ်ထောင်စု ၆၅ စု၊ ဖလံခုံကျေးရွာရှိ အိမ်ထောင်စု ၃၀ စု၊ သံသည်ကျေးရွာရှိ အိမ်ထောင်စု ၂၅ စု၊ ထန်းတောကျေးရွာရှိ အိမ်ထောင်စု ၇၀ စု စုစုပေါင်း အိမ်ထောင်စု ၁၃၅၇ စုတို့အား ဆက်လက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရေဦးမြို့နယ်အနေဖြင့် ရပ်ကွက်ကျေးရွာအုပ်စု ၆၇ အုပ်စုရှိပြီး ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား ၆၅၆၀ စုရှိပြီး ကျန်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်(ရေဦး)


