(၁၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ယနေ့ COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အား စစ်ဆေးမှုတွင် စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ၌ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခံနေသူများ စုစုပေါင်း (၉၃)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၁)ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ရပြီး ကျန်လူနာများနှင့် စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၉၂)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း တွေ့ရှိရပါသည်။
၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-039) သည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ အသက် (၈၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၉-၄-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ စတင်ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၁၁-၄-၂၀၂၀) ရက်နေ့တွင် သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာသည် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားလာသော ရာဇဝင်မရှိခဲ့ကြောင်း သိရှိရပြီး ဆီးချိုရောဂါနှင့် နှလုံးသွေး ကြောကျဉ်းရောဂါ အခံရှိကြောင်း သိရှိရပါသည်။ လူနာမှာ ဆေးရုံ စတင်တက်ရောက်သည့် အချိန်တွင် အလွန်မောပန်းလျက်ရှိပြီး သွေးတွင်း အောက်စီဂျင်ဓာတ်များ ကျဆင်းလျက်ရှိရာ လိုအပ်သော ကုသမှုများပေးခဲ့ သော်လည်း (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက် (၆:၀၀) နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံး သွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။
၃။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၉)ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။
၄။ သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၆)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၂)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။
၅။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြား စေလိုကြောင်း တိုက်တွန်းအပ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


