နေပြည်တော် ၁၂ ဧပြီ
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ၎င်း၏ဖေ့စ်ဘွတ်မှ ပြန်လည်ဖြေကြားသည်။
“အရင်က စစ်ဆေးနိုင်မှု ကန့်သတ်ချက်အရ ရောဂါလက္ခဏာပြလာတဲ့ သံသယရှိသူ အနည်းငယ်ကို ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ခဲ့ပေမယ့် ယခုအချိန်တွင် တိုးမြှင့်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် အောက်ပါအတိုင်း စစ်ဆေးမှုတွေ ပြုလုပ်သွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ သိရှိရပါတယ်”ဟု ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ နှင့် စပ်လျဉ်း၍ (၁) ယခင်ပြည်ပမှ ပြန်လည်ရောက်ရှိလာသူတွေကို Quarantine လုပ်ခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ (Closed Contact များ)ကို Quarantine လုပ်ခြင်းဆိုပြီး Quarantine (၂)မျိုးထားရှိ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ Quarantine စောင့်ကြည့်ထားရှိသူများထဲက ရောဂါလက္ခဏာ ပြလာသူများကို ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း။
(၂) ယခုစစ်ဆေးမည့် အစီအစဉ်တွင် ရောဂါပိုး တွေ့ရှိသူများ၊ ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများ(Closed Contact များ) အားလုံးကို ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီးမှ Quarantine မှ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း၊ ပြည်တော် ပြန်များကို Quarantine ထားရှိစဉ် ကာလအတွင်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကို ရောဂါပိုး ရှိ/မရှိ စစ်ဆေးမည်ဖြစ်ကြောင်း၊ Quarantine ထားရှိချိန် ရောဂါလက္ခဏာ ပြလာပါက မဖြစ်မနေ စစ်ပါကြောင်း၊ နောင်ကိုလည်း ဆက်ပြီး စစ်ဆေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
ထို့ပြင် ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ (Closed Contact တွေ) ကို ရှာဖွေဖော်ထုတ်နိုင်ရေးကိစ္စ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများက တာဝန်ယူဆောင်ရွက်ရပါကြောင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကော်မတီ၏ လုပ်ငန်းတာဝန်တွင် ယခုကိစ္စပါဝင်ပါကြောင်း ဦးဇော်ဌေးက ပြန်လည်ရှင်းလင်းဖြေကြားထားသည်။
ဆက်လက်၍ အစိုးရမှ မေလ ၆ ရက်အထိ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားသည်ဟု မြန်မာနိုင်ငံအခြေစိုက် သံရုံး အသိုင်းအဝိုင်းတွင် ပြောကြားနေမှုနှင့် ရန်ကုန်ရှိ စားသောက်ဆိုင်များကို မေလ ၆ ရက်နောက်ပိုင်း ပြန်ဖွင့်ခွင့် ပြုမည့်ကိစ္စ တို့နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်နှင့် နေပြည်တော်ကောင်စီတို့အနေဖြင့် ဒေသအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နေကြပါကြောင်း၊ ဗဟိုအနေဖြင့် "မူ"ချပေးခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ရန်ကုန်တွင် ယခုကိစ္စနှင့် စပ်လျဉ်းပြီး အမိန့်ထုတ်ထားသည်ဟု မကြားမိသေးကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထက်လျှံ


