ရန်ကုန်  ၁၂  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်က ထောက်ပံ့ပေး သည့် အခြေခံစားသောက်ကုန်ငါးမျိုးအား ပြည်သူများထံ ဖြန့်ဝေပေးမှု အစီအစဉ်ကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဖြန့်ဝေပေးမှုအနေဖြင့် အဆိုပါရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအနက်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၁၄၄၁ စု တို့အား အိမ်ထောင်စုတစ်စုလျင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာ စုစုပေါင်း အခြေခံစားသောက်ကုန် ငါးမျိုးတို့ကို သက်ဆိုင်ရာ၏ ကြီးကြပ်မှုဖြင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့မှုများပြုလုပ်ကြသည်။

 

ထောက်ပံ့မှုနှင့်ပတ်သက်၍ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသူရစိုးက “ကြိုတင်ကောက်ယူ ထားတဲ့စာရင်း အတိုင်း အားလုံးရရှိအောင် ဆောင်ရွက်ပေးတယ်။ လူစုလူဝေး မဖြစ်အောင် စနစ်တကျ လိုက်လံပြီး ဖြန့်ဝေပေး ပါတယ်။ Stay Home အချိန်မှာ အခုလိုထောက်ပံ့ပေးမှုဟာ ပြည်သူတွေအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်”ဟု ပြောသည်။

 

ထို့သို့ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် အမှန်တကယ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စာရင်းကောက်ယူမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ရပ်ကွက်များရှိ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ရပ်ကွက်ရှိ မြို့ဟောင်း(၂) လမ်းနေ ဒေါ်မြအေး က “ကျွန်မတို့က တစ်နေ့လုပ်မှ တစ်နေ့စားသမားတွေပါ။ ကပ်ရောဂါကြီးဖြစ်နေတဲ့ အချိန်မှာ အိမ်အပြင်ကို မထွက်ရဲကြဘူး။ အစားအသောက်အတွက် ခက်ခဲနေတဲ့အချိန်မှာ နိုင်ငံတော်အစိုးရက အခုလို ထောက်ပံ့ပေးတဲ့အတွက် ဝမ်းသာတယ်။ အခုဆိုရင် ကျွန်မတို့မိသားစုအတွက် ၁၀ ရက်စာလောက် စားစရာလုံလောက်သွားပြီ” ဟု ပြောသည်။

 

အလားတူ ထိုသို့ ဖြန့်ဝေပေးမှုအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဧပြီ ၁၀ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်လည်း တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ရပ်ကွက်များတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြီးကြပ်မှုများဖြင့် ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး