မြို့သစ်  ၁၃ ဧပြီ  

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း  မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးကွက်သို့ အချိန်မီရောက်ရှိရေးအတွက် ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် မြို့သစ်မြို့နယ်အတွင်းရှိ ပုတီးကုန်း ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည်တစ်မိုင် နှစ်ဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်း၊ Box Culvert တစ်စင်းတည်ဆောက်ခြင်းနှင့် ရေပြွန်နှစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၆ ဒသမ ၅ သန်းဖြင့် တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းက ပြောပြ၍ သိရသည်။

 

အဆိုပါ ပုတီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ လယ်မြေဧက ၅၀၈ ဧက အကျိုးပြု နိုင်မှာဖြစ်ပြီး အဆိုပါလယ်ယာများမှ ထွက်ရှိသော လယ်ယာထွက်ကုန်တွေကို ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)