အောင်လံ ၁၃ ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊အောင်လံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရ ဦးစီးဌာန နှင့် UNICEF တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ၌အများပြည်သူနှင့် သက်ဆိုင်သည့် အများသုံးလက်ဆေး စတီးလ်ဘေစင်များကို ကွင်းဆင်းတပ်ဆင် ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အောင်လံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး ဦးဆောင်၍ ဌာနဝန်ထမ်းများကိုယ်တိုင် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်ဆောင်ရန်ရှောင်ရန် အချက်များပါရှိသော အသိပညာ ပေးဗီနိုင်း ပိုစတာ၊ လက်ဆေးစတီးလ်ဘေစင်၊ ဆပ်ပြာ၊ Hand Gel နှင့် ရေပုံးရေခွက်များကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အများသုံးလက်ဆေးဘေစင်များကို လူစည်ကားသည့်နေရာများဖြစ်သောဈေးများ၊ ကျန်းမာရေး ဌာနများ၊ ရောဂါထိန်းချုပ်ရေး စခန်းများ၊ ဘာသာရေးဆိုင်ရာနေရာများတွင် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနများ၊ ကျန်းမာရေးဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများကိုယ်တိုင် လိုက်လံ၍ တပ်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး ကပြောပြ၍ သိရသည်။
ငြိမ်းသူ(စလင်း)


