ကော့ကရိတ်   ၁၃  ဧပြီ  

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊  ကျေးရွာများမှ   ပုံမှန်ဝင်ငွေမရှိသော   အိမ်ထောင်စုများထံ နိုင်ငံတော်က လှူဒါန်းသည့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်  ကြက်သွန်  စားသောက်ကုန်များကို  ဧပြီ ၁၀  ရက်မှ စတင်ထောက်ပံ့ ပေးအပ်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

ယနေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ထောက်ပံ့ပေးအပ်ရန် အခြေခံလူတန်းစား အိမ်ထောင်စု ၂၂၇ စုကို ကရင်ပြည်နယ်လွတ်တော်ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်းနှင့် အုပ်ချုပ်ရေး အဖွဲ့များမှ တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာနှုန်းဖြင့် ထောက်ပံ့ပေးအပ်ကြသည်။ 

 

ကျွန်တော်တို့ အခု အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုတွေကို ဖြန့်ဝေပေးနေတာပါ။ ဒီနေ့ကတော့ အိမ်ထောင်စု ၂၂၇ စုကို  အိမ်အရောက်ပို့စနစ်နဲ့ လိုက်လံဖြန့်ဝေပေးမှာဖြစ်ပါတယ်။  ဒါက ကိုဗစ်-၁၉ ကို ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးမဖြစ် စေချင်တာကြောင့်လည်းပါတယ်။   ကျွန်တော်တို့ ရပ်ကွက်က ဖြန့်ဝေပေးရမယ့် အိမ်ထောင်စုလည်း သိပ်မများတဲ့အတွက် အိမ်အရောက်ပို့စနစ်ကို ဆောင်ရွက် ဖြစ်တာပါ။  နိုင်ငံတော်က ထောက်ပံ့မှုအပြင် အခြားအလှူရှင်တွေက  လှူဒါန်းတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ရပ်ကွက်မှာရှိတဲ့   အခြေခံ လူတန်းစားတွေ   သင်္ကြန်ကာလမှာ စားဝတ်နေရေး အဆင်ပြေဖို့အတွက် လာရောက်လှူဒါန်းဖို့   ဆက်သွယ်ထားတာတွေ   ရှိပါတယ်။   နိုင်ငံတော် အနေနဲ့ရော၊ တခြားအလှူရှင်တွေ အနေနဲ့ရော အခြေခံ လူတန်းစားတွေ အတွက် ထည့်သွင်းစဉ်းစားပြီး အခုလို ထောက်ပံ့လှူဒါန်းကြတာ မြင်တွေ့ရတော့ များစွာပျော်ရွှင် ကျေနပ်မိပါတယ်ဟု အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်ကြီးက ပြောကြားခဲ့သည်။

 

စားသောက်ကုန်ပစ္စည်းများ ပေးအပ်ရာတွင် တာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိ သူများက စနစ်တကျရှိစေရေးအတွက် စာရင်းရေးသွင်း ထုတ်ပေးကြပြီး ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ဖြန့်ဝေပေးလျက်ရှိသည်။

 

နိုင်ငံတော်၏ အစီအစဉ်ဖြင့် အခြေခံလူတန်းစား မိသားစုများကို သတ်မှတ်စားသောက်ကုန်များ ထောက်ပံ့ ပေးလျက်ရှိရာတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ  ရပ်ကွက်၊  ကျေးရွာအချို့မှ   ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေ ရန်  ရည်ရွယ်ချက်ဖြင့်  တာဝန်ရှိသူများက  သတ်မှတ်ကာကွယ်ရေး ပစ္စည်းများအသုံးပြုပြီး အိမ်အရောက်ပို့ စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာအုပ်စုများဖြစ်သည့် အံဖကြီး ကျေးရွာအုပ်စု၊ အံကောင်ကျေးရွာအုပ်စု၊ တရိတခေါင်းကျေးရွာအုပ်စု၊ ဟောင်သရောကျေးရွာ အုပ်စု၊ သပြုကျေးရွာအုပ်စု၊ စက္ကဝက်ကျေးရွာအုပ်စုနှင့် ဒေါက်ပလံကျေးရွာအုပ်စု ကျေးရွာအုပ်စု(၇)စု မှ ပြည်သူများသည် နိုင်ငံတော်မှထောက်ပံ့သည့် အထောက်အပံ့များအား ရယူလိုခြင်းမရှိကြောင်းနှင့် အဆိုအထောက်အပံ့များအား အမှန်တကယ်လိုအပ်လျက်ရှိသည့် ခက်ခဲသောဒေသမှ အိမ်ထောင်စုများ အတွက် ထောက်ပံ့ပေးစေလိုကြောင်း ကျေးရွာအုပ်စုတာဝန်ခံများမှ ပြောကြားခဲ့ကြောင်း ကော့ကရိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုထံမှ သိရှိရသည်။

 

ကော့ကရိတ်မြို့နယ်အနေဖြင့် နိုင်ငံတော်မှထောက်ပံ့ရန် စာရင်းကောက်ယူထားသည့်အိမ်ထောင်စု စုစုပေါင်း (၅၂၄၆)အိမ်ထောင်စု၊ လူဦးရေ(၂၃၇၄၃)ဦး နှင့် ကျုံဒိုးမြို့တွင် အိမ်ထောင်စု(၃၄၀ဝ)၊ လူဦးရေ (၁၃၉၂၃)ဦးဖြစ်ပြီး ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

စိုးထက်အောင်(ပြန်ဆက်)