ဟားခါး ၁၃  ဧပြီ                       

 

ချင်းပြည်နယ်အတွင်း နေထိုင်လျက်ရှိသော   အိမ်ထောင်စုများအနက်  ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားကုန်(၅)မျိုးကို ဧပြီလ (၁၀)ရက် နေ့မှစ၍  ချင်းပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာခရိုင်၊  မြို့နယ်အုပ်ချုပ်ရေးမှူးများ  တာ၀န်ရှိသူများကကြီးကြပ်၍ အိမ်အရောက် ထောက်ပံ့ပေးလျက်ရှိရာ  ယနေ့ နံနက်(၇)နာရီအချိန်တွင် ဟားခါးမြို့သို့ ထပ်မံရောက်ရှိလာသည့် အခြေခံ စားကုန်(၅)မျိုးဖြစ်သော ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်နီများကို ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်ရှိ မုန်တိုင်းဒဏ်ခံ အဆောက်အဦတွင် အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

ချင်းပြည်နယ် ဟားခါးမြို့ ဟားခါးထာရ် မြို့သစ်ရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီက ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ချင်းပြည်နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာ အခြေချ(ဟားခါး)မှ ဗိုလ်မှူးကြီးသန့်ဇင်ဦးနှင့် ရာထမ်း၊အမှုထမ်းတပ်ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ် Volunteer များက ရပ်ကွက်၊ကျေးရွာအသီးသီးရှိ အခြေခံလူတန်းစားများအတွက် အိမ်အရောက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာအဆင့် ဖွဲ့စည်းထားရှိသည့် အဖွဲ့ငယ်များက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက် အိမ်အရောက် ဖြန့်ဝေပေးလျက်ရှိပါသည်။

           

ချင်းပြည်နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဖွဲ့စည်းပေးထားသော ဝယ်ယူပို့ဆောင်ရေး အဖွဲ့(၃)ဖွဲ့ အနေဖြင့် ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များအတွက် မန္တလေးမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် ပခုက္ကူမြို့တို့မှ လည်းကောင်း၊ မြောက်ပိုင်းရှိမြို့နယ်များအတွက်  ကလေးမြို့မှ လည်းကောင်း ဝယ်ယူပို့ဆောင်ရေး အဖွဲ့များက ဝယ်ယူပို့ဆောင်လျက်ရှိကြောင်း၊ ဟားခါးမြို့သို့ရောက်ရှိလာသည့် အဆိုပါ စားကုန်ပစ္စည်းများကို ဖလမ်းခရိုင်နှင့် ဟားခါးခရိုင်အတွင်းရှိ မြို့နယ်များသို့ဆက်လက် ဖြန့်ဝေပေးပို့ပြီး ထိုမှတစ်ဆင့် ရပ်ကွက်၊ ကျေးရွာများသို့ အိမ်အရောက် အမြန်ဆုံးထောက်ပံ့နိုင်ရေး စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

           

ချင်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံ စားကုန်(၅)မျိုးထောက်ပံ့ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ပွင့်လင်းမြင်သာမှုရှိအောင်၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း အမှန်တကယ်အခက်အခဲရှိသော အိမ်ထောင်စုများ ထံသို့ ဧပြီလ(၁၀) ရက်နေ့မှစ၍ဖြန့်ဝေလျက်ရှိရာ ဟားခါးမြို့နယ်အနေဖြင့် သက်ဆိုင်ရာမြို့နယ်အဆင့် အဖွဲ့အစည်းဝင်များဖြင့် ဧပြီလ(၁၄)ရက်နေ့တွင် အပြီးဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊ ဟားခါးမြို့နယ်အတွင်း၌ ရပ်ကွက်၊ ကျေးရွာစုစုပေါင်း(၃၉)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၂၃၈၄)စု ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်ရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း(၂၃၅၈၇)စုရှိကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)