မင်းဘူး   ၁၃  ဧပြီ 

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျောက်စံကျေးရွာအုပ်စု မန်းကောက် ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ ရာသီမရွေး အချိန်မီတင်ပို့ ရောင်းချနိုင်ရန် ရည်ရွယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းများ  ရာခိုင်နှုန်းပြည့် ဆောက်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

မန်းကောက်ကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည်ပေ ၈၆၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မ ရှိ  မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် ထိုလမ်းပေါ် တွင် Box Culvert တစ်စင်းနှင့် ရေပြွန် ခြောက်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ယခုဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၃၉ ဒသမ ၇ သန်းဖြင့်  ထွန်းကမ္ဘာလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

 

မန်းကောက်ကျေးရွာသည် မင်းဘူးမြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၁၇၈ အိမ် လူဦးရေ ၇၄၅ ဦးခန့်နေထိုင်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်း ကျောင်းပြု နေထိုင်ကြသည်။

 

 "အရင်ကဆို လယ်ယာထဲက ထွက်ကုန်သီးနှံတွေကို လှည်းနဲ့သာ ခက်ခက်ခဲခဲ သွားရောက်သယ်ယူ ရပါတယ်။ ထွက်ကုန်သီးနှံတွေကို သယ်ယူရတာ မလွယ်ကူဘဲ ဈေးကွက်သို့ တင်ပို့ရောင်းချရာမှာ အချိန်ကြာတာမို့ ဒေသခံပြည်သူများမှ တင်ပြခဲ့၍ ယခုလိုလမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်ပေးခြင်း ဖြစ်ပါတယ်"ဟု မန်းကောက်ကျေးရွာနေ ဦးထွန်းထွန်းဦးက ပြောသည်။

 

မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း က ယခုအခါ လုပ်ငန်းများအားလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ်၍  သာစည်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ လယ်ယာစိုက်ပျိုးဧက ၄၀ဝ ခန့်မှ ထွက်ကုန်သီးနှံများအား ဈေးကွက်သို့ ရာသီမရွေး အချိန်ကုန် ငွေကုန်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း  ပြောကြားသည်။

 

သူရိန်(မင်းဘူး)