မြိတ် ၁၃  ဧပြီ   

 

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက်  ဖျားနာကုသမှု ဆေးခန်း(Fever clinic)ကို ဧပြီလ(၁၄)ရက်နေ့မှစတင်ကာ ဆေးရုံအသစ်(တိုးချဲ့ဆောင် အလယ်ပေါက်)နှင့် ဆေးရုံ အဟောင်း(မိခင်နှင့်ကလေးကုသဆောင်-လူနာနားနေဆောင်)တို့၌ နေ့စဉ် နံနက်(၉)နာရီမှ (၁၂)နာရီအထိဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အချင်းချင်း ကူးစက်မှုကလည်းများလာပါပြီ။ နေရပ်ပြန်နဲ့ နိုင်ငံခြား သွား ရောက်ခဲ့တဲ့ ရာဇဝင်ရှိမှမဟုတ်ပါဘူး။ အဲဒါတွေရှိရင်လည်းရှာလို့တွေ့အောင်လို့ပါ။ နောက်တစ်ခုက အပြင်မှာလည်း ဆေးခန်းတွေတော်တော်များများ ပိတ်ကုန်ပြီ။ လူနာတွေ နှာစေး၊ ချောင်းဆိုး၊ ဖျားလို့ရှိရင် ဘယ်ပြရမှန်း မသိဘူး။ အခုလောလောဆယ် ကိုဗစ်-၁၉ နဲ့လည်း လက္ခဏာတူနေပါတယ်။ လက္ခဏာတူနေတော့ ဆေးခန်း ပြရဲကြမှာ မဟုတ်ဘူး။  အဲဒါကြောင့် နှာစေး၊ ချောင်းဆိုး၊ ဖျား၊ ရင်ကြပ်တဲ့ သူတွေအတွက် Fever clinic  ဖျားနာ ကုသမှု ဆေးခန်းကို ဖွင့်ပေးလိုက်တာဖြစ်ပါတယ်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ပြောသည်။

 

Fever clinic  ဖျားနာကုသမှု ဆေးခန်းကို ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်းနှစ်နေရာတွင် အခန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဧပြီလ(၁၄)ရက်မှ စတင်ကာ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ Covid-19 ရောဂါ မပြီးသ၍ Fever clinic  ဖျားနာသည့် လူနာများကို ပြသစမ်းသပ် စစ်ဆေး ကုသပေးမည့် ဆေးခန်းကို နေ့စဉ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး Covid-19 ရောဂါပြီးဆုံးမှ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း၊ COVID-19 စောင့်ကြည့် လူနာများနှင့် စမ်းသပ်ခန်းမတူပါကြောင်း ကြေညာထားရှိပြီး နှာစေး၊ ချောင်းဆိုး၊ ဖျားသည့်သူများကို သီးသန့် Fever clinic  ဖျားနာကုသမှု ဆေးခန်း ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )