နေပြည်တော် ၁၃ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်က အခြေခံစားကုန် (၅)မျိုးကို ဧပြီ ၁၀ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ပံ့လျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အိမ်ထောင်စုများထံ အိမ်အရောက်ပို့စနစ်ဖြင့် ဆက်လက်ထောက်ပံ့လျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ထောက်ပံ့ရန်လျာထားသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း ၁၄၀၈၄၈ စုရှိပြီး ယနေ့တွင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဒက္ခိဏသီရီ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရီ၊ ဉတ္တရသီရိနှင့် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူရုံးများမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများထံသို့ အိမ်တိုင်ရာရောက်စနစ်ဖြင့် ဆက်လက်ဖြန့်ဝေပေးလျက်ရှိသည်။
“ကျွန်တော်တို့မြို့နယ်အနေနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ရပ်ကွက်ကျေးရွာအလိုက် ကော်မတီတွေဖွဲ့ကာ စီစစ်ရွေးချယ်ပြီး ဧပြီ ၁၀ ရက်နေ့က စတင်ထောက်ပံ့ပေးနေပါတယ်။ ပစ္စည်းတွေဖြန့်ဝေတဲ့ အပိုင်းမှာလည်း လူစုလူဝေးမဖြစ်အောင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကတစ်ဆင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး ခွဲပြီးတော့ ပြည်သူလူထုထံ တစ်အိမ်ဝင် တစ်အိမ်ထွက်စနစ်နဲ့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးနေပါတယ်” ဟု ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက ပြောသည်။
ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ စုမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၇၄၂၈ စုအား နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ပဲတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း လူစုလူဝေးမဖြစ်အောင် အိမ်တိုင်ရာရောက်စနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။
ပျဉ်းမနားမြို့ တောင်သာအုပ်စုအုပ်ချုပ်ရေးမှူး ဉီးအောင်လွင်က “သာမန် လက်လုပ်လက်စား အခြေခံလူတန်းစားပြည်သူတွေ မကျန်ရှိရအောင်နဲ့ နိုင်ငံတော်က ထောက်ပံ့တဲ့ပစ္စည်းတွေ အပြည့်အဝရရှိအောင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ကော်မတီတွေဖွဲ့ပြီး တစ်အိမ်တက်ဆင်း စာရင်းကောက်ယူကာ ထောက်ပံ့တဲ့အပိုင်းမှာ အမြန်ဆုံးဖြစ်အောင်နဲ့ ပြည်သူတွေကို အပြင်မထွက်စေချင်တဲ့အတွက် ထောက်ပံ့ပစ္စည်းတွေကို စနစ်တကျထုပ်ပိုးပြီး အိမ်တိုင်ရာရောက် ပေးအပ်နေပါတယ်” ဟု ပြောသည်။
“ကျွန်တော်က သစ်စက်မှာ အလုပ်လုပ်ပါတယ်၊ မိသားစုဝင်က ၆ ဉီးရှိပြီး အခုကအလုပ်နားထားရပါတယ်။ ကျွန်တော်တို့လို ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ကပ်ရောဂါကြီး ဖြစ်နေချိန်မှာ နိုင်ငံတော်က ထောက်ပံ့ပေးတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ရပါတယ်” ဟု ပျဉ်းမနား အုတ်ကျင်းရပ်ကွက်မှ အခြေခံလူတန်းစား ဉီးစောနန်းဝေက ပြောသည်။
ထို့အတူ ပျဉ်းမနား ရွှေချီရပ်ကွက်မှ မဝင်းစန္ဒာက “ကျွန်မက ပျံကျဈေးအရောင်းအဝယ် လုပ်ကိုင်ပါတယ်။ အခုက အလုပ်ကနားထားရပါတယ်။ ကပ်ရောဂါနဲ့ ပတ်သက်ပြီး အပြင်မထွက်ရဘူး၊ လက်ကိုပုံမှန်ဆေးရမယ်ဆိုတာတော့ သိတယ်။ မိသားစုဝင် ၅ ဦးရှိတဲ့အတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့တဲ့ရိက္ခာက ရက် ၂၀ လောက်စားလို့ရမှာပါ။ အစိုးရအနေနဲ့ မရှိဆင်းရဲသားတွေကို ထောက်ပံ့တာ ပထမဆုံးအကြိမ် ကြုံဖူးတာပါ” ဟု ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာနှုန်းဖြင့် ဧပြီ ၁၀ ရက်မှစတင်ကာ ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ပရဟိတအဖွဲ့များနှင့် စေတနာရှင်ပြည်သူများကလည်း လက်လုပ်လက်စား ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ လိုက်လံလှူဒါန်းလျက်ရှိကြောင်းလည်း သိရသည်။
သတင်း-ဟန်လင်းနိုင်
ဓာတ်ပုံ-ထန်းဖုန်


