ကျောက်မဲ ၁၃ ဧပြီ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ကျောက်မဲမြို့သို့ ရောက်ရှိကာ ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များအတွက် ဆန်အိတ် (၅၀၀) အိတ်၊ ဓါတ်မှန် (Portable X-Ray) စက် (၁)လုံးဝယ်ယူရန်အတွက် ငွေကျပ် သိန်း(၁၄၀)၊ နောင်ပိန်တိုက်နယ်ဆေးရုံ ဝန်ထမ်းများအတွက် ငွေကျပ်(၅)သိန်း၊ ကျောက်မဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များအတွက် ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ဆန်အိတ် (၅၀၀)ကို မြို့ကျက်သရေဆောင်ခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်လှူဒါန်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်တို့က လက်ခံရယူခဲ့သည်။ အဆိုပါဆန်များသည် ကမ္ဘောဇဘဏ်မှ အခြေခံပြည်သူများအတွက် လှူဒါန်းပေးသည့် ဆန်များဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဓာတ်မှန် (Portable X-Ray) စက် (၁)လုံးဝယ်ယူရန်အတွက် ငွေကျပ် သိန်း (၁၄၀)ကို ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးထွန်းက လက်ခံရယူခဲ့သည်။
ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့တို့သည် ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာ ကျန်းမာရေးဌာနခွဲသို့သွားရောက်ပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် ဝတ်စုံများ၊ လက်သန့်ဆေးရည်များ၊ လက်ဆေးဆပ်ပြာများ၊ ပါးစပ်နှာခေါင်းစည်း Mask များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


