မုဒုံ ၁၃ ဧပြီ

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် စားသောက်ကုန်(၅)မျိုးအား ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ အိမ်ထောင်စုများအား ဖြန့်ဝေရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ကြက်သွန်နီ၊ ပဲ၊ ဆီ၊ ဆားတို့ပါဝင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးသန့်ဇင်ညိမ်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖတို့က ပြည်သူများထံ ပေးအပ်ခဲ့ကြသည်။

 

မုဒုံမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၃)စုရှိပြီး မုဒုံမြို့နယ်အတွင်းရှိ မြို့မ(၃)ရပ်ကွက်တွင် အခြေခံအိမ်ထောင်စု (၄၃)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာတို့အား အသီးသီးပေးအပ်ခဲ့ကြောင်း၊ ကျန်ရှိသည့်အိမ်ထောင်စုများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ဆက်လက်ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)