ရန်ကုန် ၁၃ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း ရပ်ကွက်များ၌ လူအဝင်အထွက် စောင့်ကြည့်ခြင်းလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းထံမှ သိရသည်။

 

မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ထွန်းက “ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလမှာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့အတိုင်း လမ်းအလိုက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွေနဲ့ လူဝင်၊ လူထွက်တွေကို စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။ ဒါ့အပြင် ရပ်ကွက်အတွင်းမှာ ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။ အခုလိုဆောင်ရွက်မှုတွေကိုတော့ မိမိတို့လမ်းအလိုက် ကိုယ်ပိုင်ဆောင်ရွက်မှုတွေရှိသလို ပရဟိတ အဖွဲ့အစည်းတွေက လည်းဆောင်ရွက်နေပါတယ်။ အဓိကက ပြည်သူတွေအနေနဲ့ အစိုးရကထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ၊ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာပြီး Home Stay လုပ်ဆောင်ဖို့လိုပါတယ်” ဟုပြောသည်။

 

ထိုသို့ဆောင်ရွက်မှုအနေဖြင့် အဆိုပါမြို့နယ်များရှိ ရပ်ကွက်များ၏ နေအိမ်များနှင့် လမ်းများတွင် ပိုးမွှားများကင်းရှင်းစေရန် ထုံးဖြူးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ရပ်ကွက်များရှိလမ်းထိပ်များ၌ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖအဖွဲ့များက လူအဝင်အထွက် စောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်မှ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်း(ခ)ကိုချိန်သီးက “ပိုးသတ်ဆေးဖျန်းတဲ့လုပ်ငန်းကို ရပ်ကွက်အတွင်းမှာရှိတဲ့ လမ်းတွေအားလုံးကို မကြာခဏဖျန်းပေးပါတယ်။ ဒါ့အပြင် မနေ့ကဆိုရင် အင်းစိန်မြို့နယ်က သံသယရှိလူနာနေတဲ့လမ်းနဲ့ ဒီနေ့မနက်မှာ လှိုင်မြို့နယ်က သံသယရှိ လူနာနေတဲ့နေရာ အနီးဝန်းကျင်တွေကိုလည်း ပိုးသတ်ဆေးတွေ လိုက်လံဖျန်းပေးခဲ့ပါတယ်။ အသင်းသားတွေကိုလည်း အန္တရာယ်ကင်းအောင်၊ ရောဂါပိုးမကူးစက်အောင် PPE ဝတ်စုံတွေဝတ်ဆင်ပြီး ဆောင်ရွက်စေတာဖြစ်ပါတယ်” ဟုပြောသည်။

 

အလားတူ ထိုသို့ဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူများအား သင်္ကြန်ကာလ ရုံးပိတ်ရက်များ ဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်ဝယ်ယူခြင်း ကိစ္စရပ်များမှလွဲ၍ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာခြင်းများ မပြုလုပ်ဘဲ မိမိ၏နေအိမ်၌ Home Stay နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပြန်ကြားထားသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်