နေပြည်တော် ၁၃ ဧပြီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံ၌ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှုအထောက်အကူပြုပညာရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

125685895

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများအားလုံးသည် ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးရန် ပြင်ဆင်ထားရှိမှု လုပ်ငန်းများအား မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ အလေးပေးဆောင်ရွက်နေကြသည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ယခုကဲ့သို့လာရောက်ခြင်းမှာ ဆေးရုံ၏ ကိုဗစ်-၁၉ လူနာများ ကုသပေးရန်ပြင်ဆင် ထားရှိမှုအတွက်သာမက အခြားဆေးရုံပိုင်းဆိုင်ရာ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ပါကြောင်း၊ ပြင်ပလူနာဌာနများတွင် ရောဂါအမျိုးမျိုးသောလူနာများကို တစ်နေရာတည်းတွင် ပြသနေခြင်းမပြုလုပ်စေဘဲ အဖျားရောဂါ လူနာများအား သီးခြားပြသနိုင်ရန်အတွက် ဖျားနာလူနာများအတွက် ပြင်ပလူနာဆေးခန်း (fever clinic) များကို စနစ်တကျ ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ငန်းလမ်းညွှန်များထုတ်ဝေရန် ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ ဤကိစ္စကို သေချာပီပြင်စွာမလုပ်နိုင်ပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုပင် ပိုမိုများလာစေနိုင်ပါကြောင်း၊ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများက ကြီးကြပ်ကာ ဆောင်ရွက်စေလိုပါကြောင်း၊ ဤ fever clinic များအား ဆေးရုံကြီးများ၌ ဆောင်ရွက်ခြင်းသည် ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း။

 

ယခုအခါ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူမှုများအပြင် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုများကြောင့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ တစ်ကိုယ်ရေသုံးရောဂါ ကာကွယ်ရေးဝတ်စုံ (PPE) နှင့် အသုံးအဆောင်များကို ရရှိခဲ့သဖြင့် မိမိတို့အနေဖြင့် လိုအပ်သည့် ဆေးရုံများသို့ လိုအပ်သည့် ပစ္စည်းများကိုသာ ပေးပို့နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံအုပ်ကြီးများကလည်း လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို ဦးစားပေးပုံစံဖြင့် တင်ပြစေလိုပါကြောင်း၊ ကိုဗစ်-၁၉ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ကိုယ်တိုင် ရောဂါကူးစက်မှုမခံရစေရေးကို အလေးပေးဆောင်ရွက်စေလိုပါကြောင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်နေရာ (quarantine site) များအား လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့်  အညီစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ရန်မှာ ယခုအချိန်၌ အထူးအရေးကြီးကိစ္စရပ်တစ်ခု ဖြစ်နေသဖြင့် လုံးဝအားမလျှော့သည့်အပြင် ပိုမို၍ အင်အားထည့် ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ အပြင် အခြားကူးစက်ရောဂါ၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကိုလည်း ဆောင်ရွက်ပေးပါရန် ပြောကြားလိုပါကြောင်း၊ မိုးရာသီကာလမှာ မကြာမီရောက်ရှိတော့မည်ဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေး၊ ဝမ်းနှင့် ပတ်သက်သည့် ရောဂါများအတွက်လည်း ပြည်နယ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများကလည်း ကြိုတင်ပြင်ဆင်မှု များကိုစတင်ပြုလုပ်ပါရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မော်လမြိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးနိုင်ရန်အတွက် ပြင်ဆင်ထားရှိမှုများနှင့် လိုအပ်ချက်များ၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ စောင့်ကြည့်လူနာများအား ကုသမှုပေးနေမှုနှင့် ဓာတ်ခွဲနမူနာများ ပေးပို့စစ်ဆေးခြင်းတို့ကို တင်ပြခဲ့ပြီးဆေးရုံရှိ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများက ကိုဗစ်-၁၉ လူနာကုသရေး လုပ်ငန်းများအပြင် အခြားဆေးရုံပိုင်းဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို တင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးကာ ဖြည့်ဆည်းဆောင်ရွက်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းတို့နှင့် တွေ့ဆုံ၍ မော်လမြိုင်မြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇီဝလုံခြုံမှုအဆင့်(၂+) (Biosafety Level (2+))ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်နိုင်ရေး၊ ထိုင်းနိုင်ငံမှ ထပ်မံရောက်ရှိလာနိုင်သည့် မြန်မာနိုင်ငံသားများအား စနစ်တကျ လက်ခံ၍ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုနိုင်ရေးနှင့် ထားရှိသည့်ကာလကို (၂၁)ရက်တာအထိ တိုးမြှင့်ရန်အတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သထုံမြို့ရှိ တိုင်းရင်းဆေးရုံ(သထုံ)တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကိုမေးမြန်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်