နေပြည်တော် ၁၃ ဧပြီ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် လူဝင်-ထွက်ခွင့်ကို ရပ်ဆိုင်းထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ ယနေ့တွင် ရေးသားထားသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က ယမန်နေ့ (ဧပြီလ ၁၂ ရက်) မွန်းလွဲ(၂)နာရီတွင် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရာ ကရင်မ် ချောင်ဒရီကို တယ်လီဖုန်းနှင့် ဆက်သွယ်ခဲ့ကြောင်း။
ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်း(၅)နိုင်ငံထဲမှ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့နှင့် နယ်စပ်ဂိတ်များကတစ်ဆင့် လူဝင် - လူထွက် ပိတ်ထားပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှု စီးဆင်းနိုင်ရေးအတွက် ဖွင့်လှစ်ထားကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ဂိတ်များကတစ်ဆင့် လူဝင် - လူထွက်များကို ဧပြီ ၁၃ ရက်မှစပြီး ပိတ်မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု မထိခိုက်ရန်အတွက် ကုန်စည်များစီးဆင်းမှုကို ဆက်လက်ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ လူဝင်-လူထွက် မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင် ရွက်ပေးရန် လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က တစ်နိုင်ငံလုံး Lock Down လုပ်ထားသည့်အတွက် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့ကြောင်း။
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရာ ကရင်မ် ချောင်ဒရီကလည်း ဌာနချုပ်ကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒါကာနှင့် ကော့ဘဇား အပါအဝင် တစ်နိုင်ငံလုံးကို Lock Down လုပ်ထားကြောင်း၊ ပြည်ပနှင့် နယ်စပ်များက ဝင်ရောက်လာသူများကြောင့် ကူးစက်ပြန့်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရှိရကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရေးသားထားသည်။
ထို့ပြင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် လူဝင် - လူထွက် ကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်အတွင်း UEHRD လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည့် ဓါတ်ပုံအဟောင်းများ တင်နေကြသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဉီးစိုးအောင်က မီဒီယာများကို ဖြေကြားပေးနေကြောင်းနှင့် ဉီးစိုးအောင်ကို ဆက်သွယ်လိုပါက ဖုန်း 09-442000900 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို ဖော်ပြထားသည်။
ထက်လျှံ


