နေပြည်တော် ၁၃ ဧပြီ

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော ကိုဗစ်-၁၉ သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ရှိကမ္ဘာတစ်ဝှမ်း အသုံးပြုလျက်ရှိသော Polymerase Chain Reaction (PCR) နည်းပညာဖြင့် နေ့စဉ်ပိတ်ရက်မရှိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀၀) မှ (၃၀၀) ခန့်အထိ စစ်ဆေးပေးလျက်ရှိကြောင်း ယင်းဌာနမှသိရသည်။

 

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ PCR နည်းပညာဖြင့် စစ်ဆေးရုံသာမက အဆိုပါ သံသယလူနာများ၏ Clinical Pathology စစ်ဆေးမှုများ၊ ဘက်တီးရီးယား ပိုးမွေးခြင်းဆိုင်ရာ လုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ရသည်။ PCR နည်းပညာဖြင့် စစ်ဆေးရာတွင် အောက်ပါအတိုင်းအဆင့်ဆင့် စမ်းသပ်စစ်ဆေးရကြောင်း သိရသည်။

 

(၁) ဓာတ်ခွဲနမူနာများရယူခြင်း

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံအသီးသီးမှ Clinical Management Team မှ စောင့်ကြည့်လူနာ (PUI) အဖြစ် သတ်မှတ်သောလူနာများ၊ Hospital Quarantine Cases များ၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူ (Contact) များ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများကို တာဝန်ကျ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမှ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံ(PPE) အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း (SOP) အတိုင်း စနစ်တကျရယူ၍ Viral Transport Media (VTM) ဖြင့်ထည့်ပြီး သတ်မှတ်ထားသော စံလုပ်ထုံးလုပ်နည်းများအတိုင်း Laborarory Request Form နှင့်တကွ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်လျက်ရှိသည်။

 

ထိုသို့ ပေးပို့ရာတွင် တိုင်းဒေသကြီး/ ပြည်နယ် ခရီးအကွာအဝေးအလိုက် ခရီးကြာမြင့်ချိန် ကွာခြားမှုရှိသည်။ ဓာတ်ခွဲနမူနာများ ရယူခြင်း၊ ထုပ်ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပို့ချပြီး လိုအပ်သော SOP နှင့် Guideline များကို ဖြန့်ဝေပြီးဖြစ်သည်။

 

(၂) ဓာတ်ခွဲနမူနာများကို လက်ခံခြင်းနှင့် စာရင်းသွင်းခြင်း

 

ပထမဦးစွာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံအသီးသီးမှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ရောက်ရှိလာသော ကိုဗစ်-၁၉ သံသယ လူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ခံ၍ လူနာအမည်၊ နေရပ်လိပ်စာ၊ ရောဂါလက္ခဏာများ စသည့် Case Investigation တွင်ပါသည့် အချက်အလက်များကို စာရင်းသွင်းပါသည်။

 

(၃) ဓာတ်ခွဲနမူနာများကို ထုတ်ယူခြင်း/ပြင်ဆင်ခြင်း

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများမှထုပ်ပိုး၍ ပေးပို့လာသော ဓာတ်ခွဲ နမူနာများကို စနစ်တကျ အဆင့်ဆင့်ထုတ်ယူရသည်။ ပထမဦးစွာ ဓာတ်ခွဲနမူနာထည့်သည့် အအေးပုံး (Sample Carrier (Cold Box)) ထဲမှ ဓာတ်ခွဲနမူနာကို မထုတ်ယူမီ Sample Carrier ပုံးကို 0.5 % Hypochlorite Solution ဖြင့် စနစ်တကျ ဆေးကြောရသည်။

 

ထို့နောက် Sample Carrier ပုံးထဲမှ ဓာတ်ခွဲနမူနာထည့်ထားသော ပလပ်စတစ်ဘူးကို ထုတ်ယူ၍ ထပ်မံဆေးကြောရသည်။ ပလပ်စတစ်ဘူးကို တစ်ရှုးဖြင့် ခြောက်သွေ့အောင် သုတ်ရသည်။ အဆိုပါ အဆင့်ဆင့်ကို Biosafety Cabinet အတွင်းတွင် စနစ်တကျပြုလုပ်ရ သည်။ ထို့နောက် ဓာတ်ခွဲနမူနာထံမှ Ribonucleic Acid (RNA) ထုတ်ယူရန်အတွက် Nucleic Acid Extraction Room (၂) ခန်းမှ (၃) ခန်းအတွင်းသို့ ပို့ဆောင်ရသည်။

 

ဓာတ်ခွဲနမူနာကို Sample Carrier ပုံးထဲမှ ထုတ်ယူ၍ (RNA) ထုတ်ယူရန် အဆင်သင့် ဖြစ်စေရန်အတွက် ဆောင်ရွက်ခြင်း အဆင့်သည် ဓာတ်ခွဲနမူနာ ၂၀၀ ကျော်မှ ၃၀၀ ကျော်အတွက် တစ်နေ့လျှင် (၂) ကြိမ်ပြုလုပ်ရပြီး စုစုပေါင်းကြာမြင့်ချိန် (၆) နာရီခန့်ဖြစ်သည်။ ဓာတ်ခွဲနမူနာကို ပြင်ဆင်သူအနေဖြင့် ပုံတွင်ပြထားသည့်အတိုင်း Personal Protective Equipment (PPE) အပြည့်အစုံ ဝတ်ဆင်ရသည်။

 

(၄) ဓာတ်ခွဲနမူနာမှ Ribonucleic Acid (RNA) ထုတ်ယူခြင်း

 

ဓာတ်ခွဲနမူနာများကို Centrifuge တွင် လှည့်ခြင်းနှင့် Washing ပြုလုပ်ခြင်းတို့ကို အကြိမ်များစွာပြုလုပ်၍ Virus Inactivation ပြုလုပ်ရသည်။ ထို့နောက် Inactivated ပြုလုပ် ပြီးသော ဓာတ်ခွဲနမူနာထံမှ RNA ကို Manual Method အပြင် Automatic Extractor ဖြင့် အသုံးပြု၍ ထုတ်ယူပါသည်။ ဓာတ်ခွဲနမူနာ ၂၀၀ မှ ၃၀၀ ခန့်အတွက် စုစုပေါင်းကြာမြင့်ချိန် (၅) နာရီခန့်ဖြစ်သည်။

 

(၅) Mastermix preparation ပြုလုပ်ခြင်းနှင့် Extracted RNA ကို Mastermix နှင့် ရောစပ်ခြင်း

 

ထုတ်ယူပြီးသော ဓာတ်ခွဲနမူနာ၏ RNA နှင့် Primer & Probe, Nucleotide, Polymerase စသည့် Enzyme များကိုရောစပ်၍ Polymerase Chain Reaction ဆောင်ရွက် ရန်အတွက် ပြင်ဆင်ခြင်း (Master Mix Preparation) ကို ဆောင်ရွက်ရသည်။ ပြင်ဆင်ပြီးသော Master Mix ကို Extracted RNA နှင့်ထပ်မံရောစပ်ရသည်။ အဆိုပါအဆင့်တွင် ဓာတ်ခွဲနမူနာ ၂၀၀ မှ ၃၀၀ အထိ ကြာမြင့်ချိန် (၃) နာရီမှ (၄) နာရီ ခန့်ဖြစ်သည်။

 

(၆) ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ရှိ/မရှိ Polymerase Chain Reaction (PCR) နည်းပညာဖြင့် စစ်ဆေးခြင်း

 

Polymerase Chain Reaction သည် ဓာတ်ခွဲနမူနာတွင် ပါဝင်သော Deoxyribonucleic Acid (DNA) ကို အဆများစွာပွား၍ ဓာတ်ခွဲနမူနာ၏ DNA နှင့် သက်ဆိုင်ရာ ဗိုင်းရပ်စ်ပိုး၏ DNA တို့ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးသော ဓာတ်ခွဲစမ်းသပ် စစ်ဆေးနည်းဖြစ်သည်။ PCR စစ်ဆေးသည့် အဆင့်တွင် ဓာတ်ခွဲနမူနာ၏ RNA ကို DNA သို့ ပြောင်းလဲခြင်း (Reverse Transcription)၊ ပြောင်းလဲပြီးသော DNA ကို Double Stranded မှ Single Stranded သို့ ပြောင်းလဲခြင်း (Denaturing Stage)၊ Single Stranded DNA များကို primer ဖြင့် ပေါင်းခြင်း (Annealing Stage)၊ Primer ပေါင်းပြီးသော Single Stranded DNA များကို Polymerase ကိုအသုံးပြု၍ Nucleotide များဖြင့် ပေါင်းစပ်ကာ Double Stranded DNA ဖြစ်အောင် ဆောင်ရွက်ခြင်း (Extending Stage) စသည်တို့ကို (၄၅)ကြိမ်အထိ ပြုလုပ်သည်။ DNA Copies များ Billion Copies အထိ တိုးပွားအောင် ဆောင်ရွက်နိုင်သည်။ False Negative များ မရှိစေရန်နှင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ(Gene)များကို ရှာဖွေနိုင်ရန်အတွက် Different Protocol (၂) ခုမှ (၃) ခုဖြင့် ဆောင်ရွက်ရသည်။

 

သက်ဆိုင်ရာ PCR စက် အမျိုးအစားပေါ်မူတည်၍ စက်တစ်လုံးလျှင် ဓာတ်ခွဲနမူနာ ၉၀ ကျော် စစ်ဆေးနိုင်ပြီး စစ်ဆေးချိန် တစ်နာရီခွဲခန့်အထိ ကြာမြင့်သောကြောင့် ဓာတ်ခွဲနမူနာ ၂၀၀ မှ ၃၀၀ အထိဖြစ်ပါက စက် (၂)လုံးဖြင့် (၂) ကြိမ် စစ်ဆေးရသည့်အတွက် (၃) နာရီခန့် ကြာမြင့်သည်။

 

ထိုနောက် PCR နည်းပညာဖြင့် အဆများစွာပွားပြီးသော ဓာတ်ခွဲနမူနာ၏ DNA ကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပါသည်။ သံသယလူနာ၏ ဓာတ်ခွဲနမူနာ DNA သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိပါက ကိုဗစ်-၁၉ ရောဂါပိုး ရှိသည်ဟု သတ်မှတ်နိုင်သည်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် Positive Control နှင့် Negative Control တို့ ကောင်းမွန်စွာ အဖြေမှန်ကန်မှသာ စစ်ဆေးချက်အဖြေကို အတည်ပြုသတ်မှတ်နိုင်သည်။ အဆိုပါအဆင့်၌ Positive Control နှင့် Negative Control များ ကောင်းမွန်စွာ အလုပ်မလုပ်လျှင် Master Mix အဆင့်မှ တဖန်ပြန်လည်စတင် ဆောင်ရွက်ရသည်။

 

(၇) ဓာတ်ခွဲအဖြေထုတ်ပေးခြင်း

 

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဖြေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဆေးရုံများသို့ Code No. ဖြင့် လုံခြုံရေးအဆင့် သတ်မှတ်၍ အချိန်နှင့်တစ်ပြေးညီ ပေးပို့အကြောင်းကြားလျက်ရှိသည်။

 

PCR နည်းပညာသည် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် လက်ရှိ ကမ္ဘာတစ်ဝှမ်း အသုံးပြုလျှက်ရှိသော နည်းပညာဖြစ်ပါသည်။ PCR နည်းပညာဖြင့် COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် ဓာတ်ခွဲစစ်ဆေးမှုအဆင့်ဆင့်၏ စုစုပေါင်း ကြာမြင့်ချိန်သည် (၁၆) နာရီမှ (၁၇) နာရီခန့်အထိဖြစ်သည်။

 

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဆင့်တိုင်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသော ဓာတ်ခွဲဝန် ထမ်းများအနေဖြင့် ရောဂါပိုးကူးစက်ခံရမှု မရှိစေရန်အတွက် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment - PPE) အပြည့်အစုံကို ဝတ်ဆင်၍ ဓာတ်ခွဲခန်း လုံခြုံရေးအဆင့်အရ သတ်မှတ်ထားသော Enhanced BSL-2 Laboratory ထဲတွင် ကောင်းမွန်သော ဓာတ်ခွဲခန်းကျင့်စဉ် (Good Laboratory Practice) ဖြင့် ဆောင်ရွက်ရသည်။

 

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော သံသယ ကိုဗစ်-၁၉ လူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ခံ၍ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နေ့ရောညပါ တာဝန်ကျဝန်ထမ်းများမှ (၂၄/၇) တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထက်လျှံ