နေပြည်တော် ၁၄ ဧပြီ
မန္တလေးတိုင်းဒေသကြီးရှိ ဈေးအားလုံးတွင် နှာခေါင်းစည်းတပ်ရမည့် Campaign ကို ဧပြီ ၁၃ ရက်က စတင်လိုက်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် အသိပေး ရေးသားထားသည်။
“မြို့တော်စည်ပင် တိုင်းစည်ပင်၊ ကလျာဏမိတ္တအဖွဲ့နဲ့ ဝမ်းတွင်းမြို့ စက်ချုပ်လုပ်ငန်းတွေ ပူးပေါင်းပြီး ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်တဲ့ သုံးလွှာပါ Homemade Mask တွေကို ပြည်သူတွေ မဖြစ်မနေလာရောက်ရတဲ့ စည်ပင်ဈေးတွေ မှာ အခမဲ့ ဖြန့်ဝေပေးပြီးပါပြီ။ ရေနီမြောင်းဈေး၊ ကျော်ကျော်အောင်ဈေး၊ မနေယမံဈေးနဲ့ ၃၂ လမ်းဈေး စတဲ့ လမ်းဘေးပျံကျဈေးတွေကို ဒီနေ့ညနေကနေ စဝေပါမယ်” ဟု ဒေါက်တာရဲလွင်က ရေးသားထားသည်။
ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာဈေးများသို့ ဖြန့်ဝေမှုနှင့် စပ်လျဉ်း၍ “တိုင်းဒေသကြီးအတွင်း မိုးကုတ်၊ ကျောက်ပန်း တောင်း၊ သာစည်၊ ဝမ်းတွင်း၊ မတ္တရာ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ ပုသိမ်ကြီး၊ တံတားဦး၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ ပြင်ဦးလွင် မြို့နယ် ၁၄ခုကို တစ်မြို့လျှင် နှာခေါင်းစည်း ၅၀၀ စုစုပေါင်း ၇၀၀၀ ကို ပေးပြီးပါပြီ။ ကျန်တဲ့ မြို့နယ်တွေကို ဆက်လက်ဝေပေးပါမယ်” ဟု ၎င်းက ရေးထားသည်။
တိုင်းဒေသကြီးအတွင်း ဈေးများ ဖွင့်လှစ်ထား ခြင်းနှင့် စပ်လျဉ်း၍ “မန္တလေးတိုင်း အတွင်းမှာ စားသောက်ကုန်နဲ့ ပတ်သက်တဲ့ ဈေးဆိုင်တွေကို ဆက်လက်ခွင့်ပြုထားတာက ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ မပြတ်လပ်စေချင်လို့ပါ။ ဈေးတွေ ဖွင့်ထားပေမယ့် လူစုလူဝေးကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြန့်ဖြူးရာနေရာ ဖြစ်မလာဖို့လည်း အထူးအရေးကြီးပါတယ်။ ဒါကြောင့် ဈေးတွေမှာ Social | Distancingသုံးပေနဲ့ ခြောက်ပေခွာဖို့၊ ဈေးသည်ရော ဈေးဝယ်ပါ နှာခေါင်းစည်းတွေ တပ်ကြဖို့၊ လက်ဆေးဖို့နေရာနဲ့ လက်သန့်ဆေးရည်တွေ ထားပေးထားပါတယ်။ ဈေးတွေအတွင်း ဈေးရောင်းချသူတွေ နှာခေါင်းစည်း တပ်ဆင်ရောင်းချ ခြင်းမပြုရင် ဈေးရောင်းချ ခွင့်ရပ်ဆိုင်းဖို့နဲ့ ဈေးဝယ်ယူသူတွေ နှာခေါင်းစည်း တပ်ဆင်လာ ခြင်းမရှိရင် ဈေးအတွင်းသို့ ဝင်ရောက်ခွင့်မပြုဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါပြီ။ စည်ပင်သာယာရေးကော်မတီဝင်တွေ၊ ဈေးမိ ဈေးဖတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ပူးပေါင်းပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ လိုက်နာမှုအားနည်းတဲ့ ဈေးတွေကို ပိတ်သည်အထိ အရေး ယူသွားပါမယ်”ဟု ၎င်းက ရေးသားထားသည်။
နှာခေါင်းစည်းများ ရရှိမှုနှင့် စပ်လျဉ်း၍ ဒေါက်တာရဲလွင်က “လက်နဲ့ ချုပ်ရတာနဲ့လျှော်ပြီး မီးပူတိုက်ပြီးမှ ထုပ်ပိုးရလို့ ထုတ်လုပ်မှုအပိုင်းမှာ ကန့်သတ်ချက် ရှိနေပေမယ့်လည်း ပိုမိုထုတ်လုပ်နိုင်အောင် သင်္ကြန်ရက်အတွင်း နားရက်မယူဘဲ ကြိုးစားထုတ်လုပ်နေပါတယ်။ သင်္ကြန်အပြီးနှာခေါင်းစည်း အလုံအလောက်ရလာ ရင်တော့ မဖြစ်မနေအိမ်ပြင်ထွက်ဖို့လိုသူအားလုံး နှာခေါင်းစည်တပ်ခိုင်းပြီး နှာခေါင်းစည်းဝယ်ဖို့ မတတ်နိုင်သူတွေကို Homemade Mask တွေ အခမဲ့ပေးဝေ သွားပါမယ်။ Homemade Mask ရဲ့ ( အားသာချက်က အကြိမ်ကြိမ် ပြန်လျှော်ပြီးသုံးလို့ ရတာပါ။ ဆပ်ပြာရည်ထဲ နာရီဝက်လောက် စိမ်ပြီးမှလျှော်ရင် ပိုစိတ်ချရပါတယ်။ ရာသီဥတုက ပူတော့ ညနေပိုင်းလျှော်ရင် မနက်ပြန်သုံးလို့ရတော့ တစ်ယောက်ကိုတစ်ခုနဲ့ လုံလောက်ပါတယ်။ အထည်ချုပ်စက်ရုံအားလုံးကိုလည်း ပူးပေါင်းပါဝင်ကြဖို့ အလေးအနက်ဖိတ်ခေါ်လိုက်ပါတယ်။ ဆေးရုံသုံး နှာခေါင်းစည်းတွေက ပိုကောင်းပေမယ့် တစ်ရက်ပဲ သုံးလို့ရပါတယ်။
နေ့စဉ်အသစ်တပ်ရလို့ လပေါင်းများစွာတပ်ဖို့ လူအများစု မတတ်နိုင်ပါဘူး။ ဂူဟန်မှာ ယခုအထိနှာခေါင်းစည်းတွေ တပ်နေကြရတုန်းပါ” ဟု ဆိုသည်။
ထက်လျှံ


