၁၄ ဧပြီ
နွေရာသီကာလ အပူရှိန်ပြင်းထန်ချိန်နှင့် covD-19 ရောဂါဖြစ်ပေါ်နေချိန်တို့တွင် ပြည်သူများ သတိပြုလိုက်နာဆောင်ရွက်ရန် အသိပေးပန်ကြားခြင်း၊ မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသည့် ယခုကာလ၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ အပူရှိန် ပြင်းထန်မှုနှင့်အတူ မီးလောင်ခြင်း၊ ရေတွင်းရေကန်များ ခန်းခြောက်မှုကြောင့် သောက်သုံးရေရှားပါးခြင်း၊ တစ်ခါတစ်ရံ လေပြင်းတိုက်၍ မိုးသီးကြွေခြင်းနှင့် အပူရှိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပိုမိုခံစားရခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
အပူရှိန်မြင့်မားသည့် နွေရာသီကာလတွင် ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရလေ့ရှိရာ ယခုကဲ့သို့ coVID-19 ရောဂါဖြစ်ပွားချိန်တွင် ပိုမိုသတိပြု နေထိုင်ရန်လိုအပ်ပြီး ပူပြင်းသည့်နွေရာသီနှင့် လိုက်လျောညီထွေနေထိုင်နိုင်ရန်လည်း လိုအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် နွေရာသီကာလ အပူဒဏ်ခံစားရမှုများမှ လျော့နည်းသက်သာစေရန်အတွက် ယခင်နှစ်က အပူရှောင်စခန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ယခုနှစ်တွင် covID-19 ရောဂါကြောင့် လူစုလူဝေးများမဖြစ်စေရေးအတွက် အပူရှောင်စခန်းများကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း သောက်သုံးရေများ ဖြန့်ဝေခြင်း၊ ရေတွင်း၊ ရေကန်ငယ်များ တူးဖော်ပြုပြင်ပေးခြင်း၊ ရေသိုလှောင်ထိန်းသိမ်းနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပါအဝင် အခြားဌာနအဖွဲ့ အစည်းများကလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
လိုအပ်ပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ( ၀၆၇၃၄၀၄၆၆၆ နှင့် ၀၆၇၇၃၄၀၄၇၇၇ တို့ကို ဆက်သွယ်အကူအညီတောင်းခံ နိုင်ပါသည်။
ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ အပူရှိန်ပြင်းထန်ချိန်တွင် ဖော်ပြပါအချက်များကို သတိပြုလိုက်နာ ဆောင်ရွက်ရန် အသိပေးပန်ကြား အပ်ပါသည်။
အရိပ်ရ၍ အေးမြသောနေရာများတွင်နေပါ။
အဆောက်အဦများ၌ လေဝင်လေထွက်ကောင်းမွန်စေရေး ဆောင်ရွက်ပါ။
ရေများများသောက်ပါ။
နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
အရောင်ဖျော့သည့် ပွပွချောင်ချောင်ချည်ထည်များ ဝတ်ဆင်ပါ။
အပူရှိန်ပြင်းထန်သည့် အချိန်များတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများကို မော်တော်ကားအတွင်း၊ အလုံပိတ်ထားသည့် အခန်းများအတွင်း တစ်ဦးတည်းထားခဲ့ခြင်းမှ သတိပြုရှောင်ရှားပါ။
နေ့လယ်နေ့ခင်းအချိန်များ၌ ကလေးငယ်များကို အဆောက်အဦများ၏ ပြင်ပနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် လှုပ်ရှားကစားခြင်းမျိုး မပြုပါစေနှင့်။
ပူပြင်းသော နေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ချင်းထွက်ခြင်းတို့ကို ရှောင်ရှားပါ။
မလိုအပ်ပါက လျှပ်စစ်မီးလုံး၊ မီးချောင်းများ ဖွင့်ထားခြင်း မပြုပါနှင့်။
ပူပြင်းခြောက်သွေ့မှုလွန်ကဲသောကြောင့် ဖြစ်ပေါ်တတ်သည့် မီးဘေးအန္တရာယ်ကို သတိပြုပါ။
မလိုအပ်ဘဲ ရေများ လေလွင့်ပြုန်းတီးမှုမရှိစေရေး အထူးသတိပြုဆောင်ရွက်ပါ။
ထိခိုက်လွယ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို coVID-19 ရောဂါကူးစက်ပျံ့နှံ့နေချိန် အရှိန်ပြင်းထန်သည့်ကာလတွင် ပိုမိုထိခိုက်ခံစားရခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ မရှိစေရန် အိမ်ထဲ၌သာနေစေခြင်းဖြင့် ကာကွယ်စောင့်ရှောက်ပါ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန


