ကော့သောင်း ၁၄  ဧပြီ

ကော့သောင်းခရိုင် ခမောက်ကြီးမြို့ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေး ကန့်သတ်စောင့်ကြည့်ရေး စင်တာတစ်ခု တွင် ယမန်နေ့က စောင့်ကြည့်စစ်ဆေးမှုခံယူနေသူ တစ်ဦး၏ သုံးနှစ်အရွယ် ကလေးတစ်ဦးက လက်သန့်ဆေးရည် သောက်သုံးမိရာ အချိန်မီဆေးရုံပို့ခဲ့သဖြင့် အသက်အန္တရာယ် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်နှင့် မိခင်တို့မှာ ခမောက်ကြီးမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကန့်သတ်စောင့်ကြည့်ရေး စင်တာတစ်ခုမှ စောင့်ကြည့်ခံနေရသူများဖြစ်ပြီး မိခင်ဖြစ်သူ လက်ဆေးရန်ဆောင်ထားသည့် လက်သန့် ဆေးရည်ဘူးကို ဂျယ်လီထင်မှတ်ကာ သောက်သုံးမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်သိသိချင်း မိခင်က အချိန်မီ သတင်းပို့သဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ ကူညီစောင့်ရှောက်မှုဖြင့် ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူခဲ့ရာ အသက်အန္တရာယ် ထိခိုက်မှုမရှိဘဲ ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်း ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာလင်းထိုက်၏ ပြောကြားချက်အရ သိရသည်။ ။

အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားရေး ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် ကလေးပါရှိသည့် မိခင်များနှင့် ပြည်သူများအား အန္တရာယ်ဖြစ်ပေါ်နိုင်သည့် ဆေးဝါးများကို ကလေးသူငယ်များ လက်လှမ်းမီသည့်နေရာများတွင် မထားရှိစေရေး ဂရုပြုကြရန်ကော်မတီ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ကြပ်မတ်သတိပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)