မိတ္ထီလာ ၁၄ ဧပြီ
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ လက္ခဏာတွေ့ ရှိသူ လူနာအမှတ်စဉ်(၃၂) လိုက်ပါစီးနင်းလာသော လားရှိုး-ရန်ကုန် ရွှေမန္တလာကားမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် လက်မှတ်ရောင်းဝန်ထမ်းတို့အား ဧပြီ ၁၂ ရက်ညနေပိုင်းမှ စတင်၍ မိတ္ထီလာမြို့နယ်ရှိ သက်ဆိုင်ရာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ထားရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ လက္ခဏာတွေ့ရှိသူသည် မတ် ၂၆ ရက်က လားရှိုးရန်ကုန် ရွှေမန္တလာကားဖြင့် လိုက်ပါစီးနင်းလာ၍ ၎င်းနှင့် ဆက်စပ်မှုများနိုင်သည့် မိတ္ထီလာမြို့နယ် ဇရပ်ကုန်းကျေးရွာမှ ကိုဖိုးထောင် (ယာဉ်မောင်း)၊ သရက်ပင်ကျေးရွာမှ ကိုအောင်အောင်ထွန်း (ယာဉ်နောက်လိုက်)နှင့် ရေတွင်းဖြူကျေးရွာမှ မနန်းအိအိမော် (လက်မှတ်ရောင်းဝန်ထမ်း)တို့ သုံးဦးအား ဧပြီ ၁၂ ရက် ညပိုင်းမှ စတင်၍ သက်ဆိုင်ရာ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုဖြင့် သတ်မှတ်နေရာ အဆောက်အအုံများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်းဖြင့် စောင့်ကြည့်နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်က ပြောကြားသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


