ဝက်လက် ၁၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ(၆) ရွာနှင့် မြို့ပေါ် အမှတ် (၁) ရပ်ကွက်ရှိ နေထိုင်ကြသော အခြေခံလူတန်းစား၊ အိမ်ထောင်စု (၉၅၂)စုအတွက် အခြေခံ စားသောက်ကုန် (၅)မျိုးကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
အခြေခံ လူတန်းစား အိမ်ထောင်စု တစ်စုလျှင် အခြေခံ စားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန် (၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀)သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန် နီ (၁) ပိဿာတို့ကို လိန်ပင်ကျေးရွာတွင် အိမ်းထောင်စု (၉၃)စု၊ ရှားကွဲ ကျေးရွာတွင် အိမ်ထောင်စု (၁၁၄)စု၊ ကူကောင်း ကျေးရွာတွင် အိမ်ထောင်စု (၁၅၈)စု၊ တပ်ရွာ ကျေးရွာတွင် အိမ်ထောင်စု (၂၅၆)စု၊ ဆင်းကွတ် ကျေးရွာတွင် အိမ်ထောင်စု (၂၀၆)စု၊ အင်ဒါင်း ကျေးရွာတွင် အိမ်ထောင်စု(၁၀၇)စု၊ ဝက်လက်မြို့ပေါ် အမှတ် (၁) ရပ်ကွက်တွင် အိမ်ထောင်စု (၁၈)စုတို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသီးသီး ထောက်ပံ့ပေးအပ်သည်။
အဆိုပါ အခြေခံစာသောက်ကုန် ပစ္စည်း (၅)မျိုး ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်နှင့် ဌာနဆိုင်ရာ အကြီးကဲများကပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း မိမိကျေးရွာရှိ အခြေခံ လူတန်းစားများအတွက် အခြေခံ စားသောက်ကုန် (၅)မျိုးကို အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


