ကော့သောင်း  ၁၄   ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ပြည်သူများ  မိမိတို့၏ နေအိမ်များတွင်နေထိုင်လျက် နိုင်ငံတော်မှထုတ်ပြန်ကြေငြာထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများအားလိုက်နာကာ ရောဂါတိုက်ဖျက်မှုလုပ်ငန်းများအားတစ်ဦးချင်း အသိစိတ်ဖြင့်ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ လွန်ခဲ့သည့် သင်္ကနြ်ပွဲတော်ကာလများက လွန်စွာစည်ကားလှသည့် မြို့၏ အထင်ကရနေရာများတွင်  မြန်မာရိုးရာသင်္ကနြ် အကြတ်ပထမနေ့ ဖြစ်သည့် ဧပြီလ၁၄ရက်နေ့က လူသူကင်းမဲ့သည့်မြင်ကွင်းများဖြင့် သင်္ကြန်ကာလကို ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး သင်္ကြန်ရေပက်ခံထွက်ခြင်း၊ မဏ္ဍပ်ထိုးရေပက်ခြင်းများ မပြုလုပ်ရန် နိုင်ငံတော်မှ တားမြစ်ချက် များထုတ်ပြန်ထားခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ ဒေသများစွာထဲမှ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည်လည်း ယခုနှစ်သင်္ကြန်ကို သတိကြီးစွာထား၍တိတ်ဆိတ်စွာ ဖြတ်သန်းနေကြကြောင်း၊ မြို့သူမြို့သားများအနေဖြင့် အသိစိတ်ကိုယ်စီဖြင့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို တုံ့ပြန် လာကြခြင်းလည်းဖြစ်ကြောင်း၊ အထူးသဖြင့် နှစ်သစ်ကူးသင်္ကြန်ကာလ အတွင်း မိမိတို့အိမ်တွင် နေကြရန် နိုင်ငံတော်၏ တိုက်တွန်းချက်ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဒေသန္တရ အမိန့်ထုတ်ပြန်ချက်များ ဖြင့် မြို့နေပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ထားကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များကလည်း  ရေပက်သူများ၊ ရေပက်ခံထွက်သူများ မရှိစေရေး နံနက်ပိုင်းမှ စတင်ကာ မြို့တွင်းအနှံ့လှည့်လည်ရှာဖွေ တားမြစ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

 

ကျော်စိုး (ကော့သောင်း)