ဖားကန့် ၁၄ ဧပြီ
မဟာသင်္ကြန်ကာလတွင် ကိုဗစ်-၁၉ ကြောင့် အခြေခံလူတန်းစားပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် နိုင်ငံတော်မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုမျာအား ဆန် ၈ ပြည်၊ ကြက်သွန်နှင့်ပဲ တစ်ပိဿာစီ၊ ဆားနှင့်ဆီ ၅၀ ကျပ်သားစီ ထောက်ပံ့ပေးခဲ့ရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ထောက်ပံ့ပေးအပ်ရန်ကျန်နေသည့် အိမ်ထောင်စုပေါင်း နှစ်သောင်းကျော်အား ဧပြီ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
ဖားကန့်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအား ထောက်ပံ့ရိက္ခာငါးမျိုး ပေးအပ်နိုင်ရေးအတွက် စာရင်းကောက်ယူရာ ရပ်ကွက် ၆ ခု ကျေးရွာအုပ်စု ၁၅ ခုတွင် အိမ်ထောင်စုပေါင်း သုံးသောင်းကျော်ဖြစ်ပြီး နိုင်ငံတော်မှ ထောက်ပံ့ခဲ့သည့် ငွေကျပ်သိန်းပေါင်း ၁၆၇၅ သိန်းဖြင့် အိမ်ထောင်စုပေါင်း တစ်သောင်းကျော်ကို ဧပြီ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။
ထောက်ပံ့ပေးအပ်ရန် ကျန်ခဲ့သည့် အိမ်ထောင်စုပေါင်း နှစ်သောင်းကျော်အတွက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်)မှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်ရန် လှူဒါန်းထားသည့် ငွေကျပ် သိန်းပေါင်း တစ်ထောင်၊ မြို့နယ်တွင်းရှိ ကျောက်မျက်လုပ်ငန်းရှင်များ၏ ထပ်မံလှူဒါန်းထည့်ဝင်သော ဆန်အိတ် ၂၀၅၀ အိတ်၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်စွက်ထောက်ပံ့ပေးမှုတို့စုပေါင်းပြီး ဆက်လက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


