နောင်တရား ၁၄ ဧပြီ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု လွယ်ဘောင်းဘုန်းတော်ကြီးကျောင်း၏ ကျောင်းဒကာကျေးရွာများ၊ နန်းပုလင်းကျေးရွာအုပ်စု ထီရီးဘုန်းတော်ကြီးကျောင်း၏ဒကာကျေးရွာများမှ သင်္ကြန်ကာလအတွင်းတွင် ရတနာသုံးပါးနှင့် မိဘ၊ ဆရာသမားများအား ပူဇော်ကန်တော့ကြသော အလေ့အထကြောင့် ကျေးရွာအတွင်း လူဝင်လူထွက်များပြားပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်သောကြောင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူဝင်လူထွက်နည်းပါးစေရန် သင်္ကနြ်ကာလအတွင်းတွင် မိမိတို့၏ကျေးရွာအစီအစဉ်ဖြင့် ဧည့်သည်များ၊ ဈေးသည်များ၊ ပြင်ပလူများအား လူဝင်လူထွက်တားမြစ်ကြောင်းကို ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းမှ စတင်ကြောင်းသိရသည်။
မိမိတို့ကျေးရွာအစီအစဉ်ဖြင့် အသွားအလာတားမြစ်ခြင်းကို သင်္ကြန်ကာလနှစ်ဆန်းတစ်ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါကျေးရွာများမှ ရပ်ဝေးဘုန်းတော်ကြီးကျောင်းများ၊ မိဘဆရာများနှင့် အဘိုးအဘွားများကိုလည်း သွားရောက်ကန်တော့ခြင်းမပြုရန်နှင့် ရပ်ဝေးမှ ညီအစ်ကိုမောင်နှမများကိုလည်း ယခုနှစ်သင်္ကြန်တွင် လာရောက်ကန်တော့ခြင်း မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


